မိတ်ဆွေကောင်း၊ မိတ်ဆွေစစ် ၄-မျိုး နှင့် သူတို့၏ မိတ်ဆွေကောင်း အင်္ဂါရပ်များ
ဗုဒ္ဓ သည် သိင်္ဂါလသူဋ္ဌေးသားကို မိတ်ဆွေကောင်း ၄-မျိုးကိုဟောကြားတော်မူ၏။
၁- အကြင်သူသည် အရင်ဦးစွာ မိမိရဲ့ ကောင်းကျိုးချမ်းသာကိုဆောင်ရွက်တတ်သည့်
စိတ်ရင်းကောင်းရှိခြင်း။ ( ဥပကာရ မိတ်ဆွေ )
- မူးယစ်မေ့လျော့နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
- မေ့လျော့နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာတို့ကို စောင့်ရှောက်တတ်၏။
- ကြောက်ရွံ့ထိတ်လန့်နေသော မိတ်ဆွေကို အားကိုးရာဖြစ်၏။
- အကူညီလိုအပ်၍တောင်းသောအခါ တောင်းခံသည်ထက် အဆတိုးကာ
ထောက်ပံ့ကူညီတတ်၏။
၂ - အကြင်သူသည် မိမိဘ၀ မြင့်မားနေသောအခါဖြစ်စေ၊ နိမ့်ပါးနေသောအခါဖြစ်စေ
မိမိနှင့် မခွဲအတူ ရပ်တည်ပေးသော စိတ်ရင်းကောင်းရှိခြင်း။
(သမာနသုခဒုက္ခမိတ်ဆွေ)
- လျို့ဝှက်အပ်သည့် အမှုကိစ္စတို့ကို ပြောကြား၏။
- ထိုလျှိ့ဝှက်အပ်သည့် အမူကိစ္စကို မပေါက်မကြား လျှိုဝှက်ပေး၏။
- ဘေးရန်ဖြစ်ပေါ်လာလျှင် ရှောင်ခွာမသွားပဲ အတူရပ်တည်ကူညီဖြေရှင်းပေး၏။
- မိတ်ဆွေအတွက် အသက်ကိုပင်သော်လည်း စွန့်လွှတ်အနစ်နာခံနိုင်၏။
၃ - အကြင်သူသည် မိမိ၏ ကောင်းကျိုးစီးပွားကို လမ်းညွှန်ပြောကြားတတ်သော စိတ်ရင်း
ကောင်းရှိခြင်း။ ( အတ္ထက္ခယီမိတ်ဆွေ )
- မကောင်းမှုတို့မှ တားမြစ်ပယ်ရှားတတ်၏။
- ကောင်းမှုတို့၌ သက်ဝင်စေ၍ ပြုကျင့်ရန် တိုက်တွန်းတတ်၏။
- မိမိမသိသေးသော ကောင်းမြတ်သော တရားစကားကို ပြောကြားတတ်၏။
- ဘ၀အဆင့်တန်းမြင့်မားစေကြောင်း( နတ်ပြည်ရောက်ကြောင်း )
အကျင့်ကောင်းလမ်းစဉ်ကို ပြောကြားညွှန်ကြားတတ်၏။
၎ - အကြင်သူသည် အစဉ်သနားငဲ့ညှာတတ်သော စိတ်ရင်းကောင်းရှိခြင်း။
(အနုကမ္ပကမိတ်ဆွေ)
- မိတ်ဆွေ၏ ပျက်ဆီးဆုတ်ယုတ်ခြင်းကို မနှစ်သက်။
- မိတ်ဆွေအား ကဲ့ရဲ့စကားပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။
- မိတ်ဆွေအား ချီးမွမ်းစကားပြောကြားသူကို ထောက်ခံ ချီးမွမ်းတတ်၏။
ထိုသူ ၄-ယောက်တို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေစစ် ၄-မျိုးတို့ပင်တည်း။
" အကြင်မိတ်ဆွေသည် ကောင်းကျိုးချမ်းသာအတွက် ကျေးဇူးပြုတတ်၏။ ချမ်းသာ
အတူ ၊ ဆင်းရဲအတူ မိမိနှင့်ရပ်တည်ပေးတတ်၏။ ကောင်းကျိုးစီးပွားအတွက်
လမ်းညွန်ပြောကြားတတ်၏။ အစဉ်ငဲ့ညှာသနားသော စိတ်ရင်းရှိ၏။ ပညာရှိသော
သူသည် ဤမိတ်ဆွေစစ်၊ မိတ်ဆွေကောင်း ၄-ယောက်တို့ကို ဆိုခဲ့သည့်
( အထက်ကဖော်ပြ )အတိုင်း သိရှိ နားလည်၍ မိခင်သည် မိမိရင်၌ ဖြစ်သော
သားကို ချဉ်းကပ်သကဲ့သို့ ချစ်ခင်လေးနက်စွာ ချဉ်ကပ်ရမည်။ သီလနှင့်
ပြည့်စုံသော ပညာရှိမိတ်ဆွေသည် တောင်ထိပ်၌ တောင်လောင်သောမီးကဲ့သို့
ကောင်းမွန်ထင်ရှားစွာ ထွန်းလင်းတင့်တယ်၏ "
- ဗုဒ္ဓ
( သိင်္ဂါလသုတ် )
မိတ်ဆွေတု ၄-မျိုး နှင့် သူတို့၏ မိတ်ဆွေတု အင်္ဂါရပ်များ။
၁။ ယူသာ ယူတတ်သော မိတ်ဆွေစစ် မဟုတ်သည့် မိတ်ဆွေတု ။
(အညဒတ္ထဟရ မိတ်ဆွေတု)
၂။ နှုတ်မျှဖြင့်သာလျှင် (လောကွက်) ပေးတတ်သော၊ ဖောရှောလုပ်တတ်သော မိတ်ဆွေတု ။
(၀စီပရမ မိတ်ဆွေတု)
၃။ အကြိုက်ကိုလိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု ။
(အနုပ္ပိယဘာဏီ မိတ်ဆွေတု)
၎။ ပျက်စီးကြောင်း၌ အပေါင်းအဖေါ်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သည့်မိတ်ဆွေတု ။
(အပါယသဟာယ မိတ်ဆွေတု)
၁။ အညဒတ္ထုဟရ မိတ်ဆွေတု
(က) ယူသာ ယူတတ်၏ ။
(ခ) အနည်းငယ်သာ ပေး၍ ကိုယ့်ဆီမှ များများလိုချင်၏ ။
(ဂ) သူကိုယ်တိုင် ဘေးအန္တရယ်ဖြစ်မှ မိမိကိစ္စကို ပြုလုပ်ပေးတတ်၏ ။
(ဃ) သူ့အကျိုးစီးပွား အတွက်သာ ပေါင်းသင်းတတ်၏ ။
ထိုလေးပါးသော အကြောင်းတို့ဖြင့် ယူသာယူတတ်သော မိတ်ဆွေတုဟု သိအပ်သည်။
လက်ချည်းလာ၍၊ ဥစ္စာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ
ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှာ၊ မှီလာပေါင်းယှဉ်၊
လေးယောက်စဉ်ကား ၊ အညဒတ္ထုဟရတည်း။ (ဆရာတော်ဦးဗုဓ်)
၂။ ၀စီပရမ မိတ်ဆွေတု
နှုတ်ဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု ...
(က) လွန်ပြီးသောအကြောင်းအရာဖြင့် ချီးမွမ်း၏။
(ခ) မဖြစ်သေးသော အကြောင်းအရာဖြင့် ချီးမွမ်း၏။
(ဂ) အချည်းနှီး လောကွက်မျှဖြင့် ချီးမွမ်း၏။
(ဃ) ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကိုပြသ၏။
ဤလေးပါးသောအကြောင်းတို့ဖြင့် နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော
မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကို သိအပ်၏။
(မနှစ်က ခင်ဗျားမလာဘူးဗျာ ၊ ကျုပ်တို့မှာ အလုပ်အကိုင် အဆင်ပြေတယ်။
စသည်ဖြင့် လွန်ပြီးသည့် အကြောင်းအရာဖြင့် ချီးမြှောက်၏။ ရှေ့လမှာ
ကောက်စပါးသစ်ပေါ်လိမ့်မယ်။ ခင်ဗျားလာဖြစ်အောင် လာခဲ့ပါ။ စသည်ြ့ဖင့်
မဖြစ်သေးသည့်အကြောင်းအရာဖြင့် ချီးမြှောက်၏။
ကားလေး တစ်ခေါက်လောက် ကူညီပါဟု တောင်းခံလာသောအခါ
`ကားပျက်နေတယ် `ဟု ဖြစ်ဆဲ ပစ္စုပ္ပန်ကိစ္စတို့၌ ပျက်စီးခြင်းကို ပြသ၏ ။)
ရှေ့ဖြင့်စေ့စပ် ၊ တထပ်နောက်မှီး ၊ ချည်းနှီး သဂြို င်္ဟ်၊ ပေးလိုစဟန်၊
ပစ္စုပ္ပန်မူ၊ ပြညွှန်ပျက်ပြား၊ ဤလေးပါးကား ၊ မှတ်သား ၀စီပရမတည်း။ (ဆရာတော်ဦးဗုဓ်)
(၃) အနုပ္ပီယဘာဏီ မိတ်ဆွေတု
ကြိုက်ကိုလိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု။
(က) ထိုသူအား အကောင်းမှုကိုလည်း ခွင့်ပြု၏။
(ခ) ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏။
(ဂ) ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကိုဆို၏။
(ဃ) ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားကိုဆို၏။
ဤလေးပါးသောအကြောင်းတို့ဖြင့် အကြိုက်ကိုလိုက်၍ ပြောတတ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုကိုသိအပ်၏ ။
မကောင်းခွင့်ပြု ၊ ကောင်းမှုကိုလျှင် ၊ ဆင်ခြင်မရှု ၊ ခွင့်ပြုသည်ပင် ၊ ရှေ့တွင်ချီးမွမ်း ၊
ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့မြင်သည် ၊ လေးအင် ပိယဘာဏီတည်း။ (ဆရာတော်ဦးဗုဓ်)
(၄) အပါယသဟာယ မိတ်ဆွေတု
ပျက်စီးကြောင်း၌ အပေါင်းအဖေါ်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတု ။
(က) သေရည်သေရက် သောက်ခြင်း၌ အပေါင်းအဖေါ်ဖြစ်၏။
(ခ) အခါမဲ့ ခရီးသွားလာခြင်း၌ အပေါင်းအဖေါ်ဖြစ်၏။
(ဂ) ပွဲလမ်းသဘင်ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖေါ်ဖြစ်၏။
(ဃ) လောင်းကစားခြင်း၌ အပေါင်းအဖေါ်ဖြစ်၏။
ဤလေးပါးသောအကြောင်းတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖေါ်ဖြစ်သော မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွတုကိုသိအပ်၏။
သောက်ထုပ်သေရက် ၊ ညဥ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အန်စာ၊ လေးရပ်မှာပင် ၊
တကွထင်သည် ၊ လေးအင် အပါယ်သဟဲတည်း။ (ဆရာတော်ဦးဗုဓ်)
မြတ်စွာဘုရား သိင်္ဂါလသတို့သားအား ဟောကြားသော လောကကြီးပွားကြောင်း တရားဖြစ်သည့်
သိင်္ဂါလောဝါဒသုတ္တန် မှ ထုတ်နှုတ်ဖေါ်ပြပါသည်။
မှတ်ချက် ။ ။ အထက်ပါ ပိုစ့်အား အင်တာနက်မှ ရှာဖွေ၍ တင်ထားခြင်းဖြစ်ပါသည်။
စာလာဖတ်သူ သူငယ်ချင်းအားလုံးလည်း မိတ်ဆွေကောင်းများဖြင့်သာ တွေ့ကြုံရပြီး မိတ်ဆွေတုများကို ရှောင်နိုင်ကြပါစေ...။ ။
သီလနှင့်ပြည့်စုံသော ပညာရှိမိတ်ဆွေသည်
ReplyDeleteတောင်ထိပ်၌ တောက်လောင်သောမီးကဲ့သို့
ကောင်းမွန်ထင်ရှားစွာ ထွန်းလင်းတင့်တယ်၏
ဗုဒ္ဓ ( သိင်္ဂါလသုတ် )
good
ReplyDelete