Tuesday, 7 February 2012

မငိုသောကြယ်

ကောင်းကင်ကြီးက တိမ်မည်းညိုတွေကို သယ်ဆောင်လာပြီး မိုးစက်တွေ အဖြစ် ဖန်ဆင်းကာ ညစ်ပတ်နေသည့် ကမ္ဘာလောကကြီးကို ဆေးကြောလေသည်။ ကျွန်မတို့ အိမ်ခေါင်မိုးပေါ်က ဖုန်မှုန့်တွေ၊ သစ်ရွက်တွေပေါ်က ဖုန်တွေက မိခင် ကမ္ဘာမြေကြီးနှင့် တစ်သားတည်း ပြန်ဖြစ်ခွင့် ရသွားသည်။ မိုးရွာလျှင် ပွင့်တတ်သည့် ပိတောက်တွေလည်း သင်္ကြန်ကာလကတည်းက ပွင့်ခဲ့ပြီ။ ပုန်းညက်ပန်းတွေလည်း ပွင့်နေလေပြီ။ သိဟ်ရာသီ ၀ါခေါင်မိုးနှင့် အတူ ခတ္တာပန်းတွေလည်း ပွင့်ဦးမည်။ မိုးကျပြီဆို နှင်းဆီရိုင်းတွေက နာမည်နှင့်လိုက်အောင် အပြိုင်းအရိုင်း အဖူးအပွင့်တွေ ဝေေ၀ဆာဆာ။ ရင်အေးစေတဲ့ ရနံ့လေးက တစ်ခြံလုံး ပျံ့နှံ့နေ။ အဲသည် သဘာဝ အလှတွေက အရင်တုန်းကဆို ကျွန်မရင်ကို ကြည်နူးစေခဲ့တာလေ။ ခု ကျွန်မ မပျော်ရွှင်နိုင်ဘူး ဖြစ်နေသည်။ ကျွန်မ ယောင်္ကျားကို ကျွန်မ သိပ်မုန်းနေသည်။ စိတ်ရှိလက်ရှိ ထုရိုက်ပစ်ချင်နေသည်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မကို ရအောင် လက်ထပ်ယူခဲ့လို့ပဲ။ သူ သိပ်ချစ်တဲ့ မိန်းမတစ်ယောက် ရှိခဲ့ကြောင်း ကျွန်မ မသိခင်တုန်းကတော့ သူ့အပြုအမူတွေက ကျွန်မကို သိပ်ချစ်နေသလိုပဲ။ သမီးလေးနဲ့ သားလေး တစ်ယောက်ရလာတဲ့ အထိ အိမ်ထောင်သက်တမ်း ရှည်လာတဲ့ အခါကျတော့ သူ ကျွန်မကို ချစ်ပြနေတဲ့ အမူအရာတွေ ကြားမှာ အက်ကြောင်းတွေ မြင်လာရပြီ။

အားသည့်ရက်၊ နားသည့်ရက်နှင့် မီးလာချိန် တိုက်ဆိုင်လျှင် သူဖွင့်တတ်သည့် သီချင်းက ခင်မောင်တိုး၏ လွမ်း လွမ်းxxxxရင်ထဲရှိတဲ့ အတိတ်ကို လွမ်းxxxxလွမ်း xxxxxရင်ထဲရှိတဲ့ ဒီဇာတ်လမ်း xxxxနွေရာသီကြွေxxxxမြေပေါ်ပြေးလွှားလို့ လွင့်နေစဉ်မှာ xxxxသူ့တစ်ယောက်ကို သတိတရနဲ့ xxxxတမ်းတလို့ လွမ်းမိတယ်လေ___ဟိုစဉ်အချိန် နွေအခါ___သူရယ်တို့ နှစ်ဦး ရင်းနှီးလို့___ပညာရှာရင်းနဲ့ ___ကျောင်းကြီးရဲ့ အရိပ် အောက်မှာ___ချစ်ကြသူတွေ အဖြစ်ရောက်ရှိခဲ့ကြတယ် ___သိပ်ချစ်သူတွေလို့ အများက သတ်မှတ်ခဲ့ကြ တယ်___ငယ်စဉ် ဟိုတစ်ချိန် က ___တို့ဘ၀ရဲ့အတိတ် ဒီဇာတ်လမ်း___”

ကျွန်မ ကျောင်းမှာက အတိတ် ဇာတ်လမ်း မရှိခဲ့သူမို့ ဒီသီချင်းကို သိပ်မကြိုက်လှပေ။ ကျွန်မ ဒုတိယနှစ်မှာပဲ ကျောင်းပြီးထားတာ ကြာပြီ ဖြစ်တဲ့ သူနဲ့ လက်ထပ်ခဲ့တာလေ။ ကျွန်မရဲ့ ကျောင်းသူ ဘ၀လေးက သက်တမ်း တိုလှသည်။ ပထမတော့ သွေးရိုး သားရိုး သီချင်းနားထောင် တယ်လို့ ထင်မိတာ။ ခဏ ခဏ Repeat လုပ်ပြီး ဖွင့်နေတာက တစ်မျိုး၊ မီးမလာလို့ စီဒီစက်နဲ့ မဖွင့်နိုင်ရင်တောင် ဂစ်တာနဲ့ တီးနေတာက တစ် ကြောင်းကြောင့် သူ့ရင်ထဲကို ရှင်းခနဲ မြင်ခွင့်ရလိုက်တာလေ။ အသက် ၄၀ ကျော် ကလေး နှစ်ယောက်အဖေက ဒီလောက်တောင် အချစ်ဦးကို တမ်းတ နေစရာလား။ သမီးနဲ့သား နေရာက နေပြီး ၀င်ခံစားကြည့် တော့လည်း ရှက်မိသည်။ ကျွန်မလေ ဆရာမကြီး ခင်နှင်းယုရဲ့ မြကြာဖြူ ၀တ္ထုကြီး ထဲက ဒေါက်တာ လင်းရွှေအောင် သေခါနီးမှာ ကလေး နှစ်ယောက်ရအောင် ပေါင်းသင်း လာခဲ့သည့် ဇနီးဝတ္တရားလည်း မပျက်ကွက်ပါသော မြကြာ ဖြူ (ရှယ်လီ)ကို မတမ်းတဘဲ သူများ ဇနီးဖြစ်နေပြီ ဖြစ်သော အချစ်ဦး တူးတူးကို တမ်းတသည့် အခါ
ခံပြင်း ဒေါသထွက် ဖူးသည်။ လင်းရွှေအောင်ကိုလည်း မုန်းတီး စက်ဆုပ်ဖူးသည်။ ကျွန်မ အရွံရှာဆုံးက အဲလို ယောက်ျားမျိုးတွေပေါ့။ ကိုယ့်စိတ်ဆန္ဒ ကိုယ့်အတ္တကို သာ ရှေ့တန်းတင်ပြီး သူ တစ်ပါး ခံစားမှုကို မမြင်တတ် သူတွေလေ။ ပညာတတ်ပြီး စဉ်းစား ချင့်ချိန်တတ်တဲ့ ဦးနှောက်တွေ ဘယ်ရောက် ကုန်သလဲ။ ဇနီးနဲ့ သားသမီးတို့ရဲ့ ရင်ထဲက နှလုံးသားကို သွေးစက်စက် ယိုအောင် ဓားနဲ့မွှန်းပြီး ကိုယ့်ခံစားချက်ကိုသာ အရူးအမူး လိုက်လျောချင်တာ ကောင်းလို့လား။ ခုတော့ ကျွန်မရတဲ့ ယောက်ျားက ဒုတိယ လင်းရွှေအောင် ဖြစ်နေ ပါ ပေါ့လား။ သူက တွေ့ကရာ မိန်းမနဲ့ မဖောက်ပြန်တာ တစ်ခုတော့ လင်းရွှေအောင်ထက် သာသည်။ သူ့ကို ဖွင့်လည်း မမေးချင်ဘူး။ ဖွင့်မေးလိုက်ပါမှ ကျောင်းတုန်းက အချစ်ဦးကို သူပို သတိရ သွားမှာ စိုးရွံ့မိပြန်သည်။

အဲသည်နေ့က လေပြည်ထဲမှာ ပန်းရနံ့တွေ သင်းနေခဲ့ သည်။ ကံ့ကော်တွေ လှိုင်လှိုင် ပွင့်သည့်နေ့ကလေ။ ကျွန်မက ဈေးထဲမှာ အထည်ဆိုင်ကလေး ဖွင့်ထားတာမို့ ဈေးမှာ ရှိနေခဲ့ သည်။ ဈေးကို သူဆိုင်ကယ နှင့် ရောက်လာခဲ့တော့ ထူးထူးဆန်းဆန်းမို့ အံ့သြရသည်။ ကျွန်မဆီ လာသည်မှတ်ပြီး ရင်ခုန်မိသေးသည်။ သူက ကလေးနှစ်ယောက် အမေ ကျွန်မကို ပေယာလျကန် ပစ်ထားတတ်ပေပြီလေ။

“အေးရေ ကိုယ်ဆိုင် စောင့်ပေးမယ်။ ကိုယ့်ကို ကံ့ကော်ပန်း သွားဝယ်ပေးစမ်း ပါ” ကျွန်မ မျက်ခုံးနှစ်ဘက် မြင့်တက်သွားသည်။ သူက ကံ့ကော်ပန်း ဘာလုပ်ဖို့လဲ။

“ဒီမနက်ပဲ အိမ်က ဘုရားမှာ နှင်းဆီပန်းတွေလဲ ထားတယ်လေ ကိုရဲ့”

သူ့ကို မျက်တောင် မခတ်ကြည့်ပြီး အိမ်ကဘုရား ပန်းအိုးကို ရည်ရွယ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ သူ့မျက် လုံးတွေက ဟန်ဆောင်ထား တာလား မသိ။ ယုန်ကလေး တစ်ကောင်လို ဖြူစင် နေခဲ့သည်။
“အိမ်အတွက် မဟုတ်ပါဘူးကွာ။ ကဲပါ သွားဝယ် ပေးစမ်းပါ”

သူ့ကို မျက်စောင်းအခါ နှစ်ဆယ်လောက် ပစ်ထိုးပြီး အံဆွဲထဲက ပိုက်ဆံနှိုက်ကာ ဘောက်ဆတ် ဘောက်ဆတ်နဲ့ ကျွန်မ ထွက်လာခဲ့သည်။ ဖြစ် ချင်တော့ ကံ့ကော် ပန်းရောင်းသည့် ဈေးသည်မလေးရဲ့ ပန်းတွေ ကုန်သွားပြီ။ နောက် တစ်သည်က အသစ်ခူးလာသည့် ပန်းတွေနှင့် ရောက်လာ တော့ ဦးဦးဖျားဖျား မွှေးရနံ့ သင်းနေသော ပန်းတွေကို ကျွန်မ ရလိုက်သည်။ ၀တ်ဆံ ၀ါနုနုလေးတွေနှင့် ကံ့ကော် ပန်းတွေကို မြင်တော့ ကျွန်မ ပါရောယောင် ပျော်သွားရသည်။ မပွင့်တပွင့် အဖူးအငုံလေးတွေ၊ ဖိုးသူတော် ပေါက်စရဲ့ ခေါင်းတုံးလို ဖြူဖြူလုံးလုံး အဖူး လေးတွေ၊ တကယ်ပဲလှရက် လွန်းသည်။ ရင်ထဲမှာ အေးမြ သွားသည်။ ဒါကြောင့်လည်း ကံ့ကော်ဆိုတာ စာဖွဲ့စရာ ပန်းဖြစ်နေတာကိုး။ ဂန္ထ၀င် မြောက်နေရတာကိုး။

“လှလိုက်တဲ့ ကံ့ကော် ပန်းတွေနော်။ အစ်မအေး ဘုရား ကပ်ဖို့လား”
အရေးထဲ အသိတစ်ယောက်က နှုတ်ဆက်စကား ဆိုနေသေးသည်။

“အေး အေး”ဟု ပြီးစလွယ် ဖြေလိုက် မိပေမယ့် သူပြောသလို ဘုရား ကပ်ချင်စိတ် တကယ် ဖြစ်လာတာမို့ တစ်စည်း ၁၅၀ ကျပ်နှင့် ဆယ်စည်း ၀ယ်လိုက်သည်။ နှင်းဆီတွေကို ဧည့်ခန်း ပန်းအိုးထဲ ပြောင်းထိုးပြီး ကံ့ကော် မွှေးမွှေးလေးများ ကပ်လိုက်ဦးမည် ဟူသော အတွေးနှင့် ဆိုင်ကို ပြန်လာ တော့ ကိုယ်တော်ချောက ဈေးဝယ်သူကို ပိတ်စဖြတ် ပေးနေလေသည်။ အောက်ခြေအကိုင်း အခက်လေးနား ကနေ အင်ဖက် ကလေးနှင့် ချည်နှောင်စည်းထားတာမို့ ပန်းပွင့်တွေက အပေါ်မှာ စုပြုံခဲပြီး ချစ်စရာ ပန်းစည်း ကလေးလို ဖြစ်နေခဲ့သည်။ ပွင့်ဖတ် အဖြူရောင်၊ အ၀ါရောင် ၀တ်ဆံ၊ အရွက်အစိမ်း၊ အဖြူနှင့်အစိမ်းနု ရောယှက် ထားသော အသီးလုံးတွေက ပြွတ်သိပ်ပြီး လှချင်တိုင်း လှနေတော့သည်။ သူက ကျွန်မလက်ထဲက ပန်းစည်းလေးကို လှမ်းကြည့်သည်။ သူ့မျက်လုံးတို့ အရောင် တောက်ပသွားသည်။ လက်ခနဲ ဖြစ်သွားသည့် မျက်ဝန်း ရိပ်ထဲမှာ မြတ်နိုးမှုနှင့် ကြည်နူးရိပ်ကို မြင်နေရသည်။ သြော် သူပျော်ရင် ကျွန်မ လည်း ပျော်ရမှာပေါ့လေ။ သူက လက်မှ နာရီကို ကြည့် ပြီး ဖြတ်လက်စ ပိတ်စကို ပြီးအောင် ဆက်မဖြတ်တော့ဘဲ ကတ်ကြေးကို အောက်သို့ ချလိုက်သည်။ ပြီးတော့ မြန်ဆန်လှသော လက်များဖြင့် ကျွန်မလက်ထဲက ပန်းတွေ ကို ဆတ်ခနဲယူကာ ဆိုင်ကယ် စက်နှိုး မောင်းထွက်သွားသည်။ ကျွန်မလည်း ရုတ်တရက်မို့ တစ်ဝက်ကို ဘုရား ပန်းတင်ဖို့ ချန်ထားရန် မပြော ဖြစ်လိုက်ပေ။ ဗျစ်တောက် ဗျစ်တောက်နှင့် ရန်တွေ့ ကျန်ခဲ့လို့လည်း မဖြစ်ပေ။ ဈေးဝယ် သူက ရှိနေတာကိုး။ ကျွန်မ ခံစားမှုတွေကို ခဏ ခေါက်သိမ်း ပြီး ဈေးဝယ်သူ ညီမလေးကို အချိုဆုံး ပြုံးပြလိုက်သည်။

“ယောက်ျားတွေဟာ ဒီလိုပဲ ညီမရေ။ စိတ်ကို မရှည်ချင်ဘူး”လို့လည်း အရှက်ပြေ ပြောလိုက်မိသေးသည်။

ညရောက်တော့ ဆိုးဆိုး ၀ါးဝါး မူးပြီး အိမ်ပြန်လာသည်။ သူနှင့်ပုလင်းတူ ဘူးဆို့ သူငယ်ချင်း ဖြစ်သူက တွဲပြီး အိမ်ပြန်ပို့သည်။ ကျွန်မ အိမ်ဝမှာ ခါးထောက်ပြီး ရပ်နေလိုက်သည်။ တစ်ချက် ကလေးမှ ကူမတွဲမိ။ အိပ်ရာထဲထိ တွဲပို့ဖို့ လမ်းညွှန်လိုက် သည်။ မလွန်လွန်းဘူးလား ကွယ်။ မနက်က ပန်းဝယ်ပေး ပြီးကတည်းက မတွေ့တော့သည့် သူ့မျက်နှာ၊ ခုချိန်မှာတော့ အလွန် စိတ်ပျက်စရာ ကောင်းနေလေသည်။ သူ့ကို စိတ်ရှိလက်ရှိ ထုနှက်ရိုက်ပစ် လိုက်ချင်သည်။ သို့ပေမယ့် တဒင်္ဂအတွင်းမှာပဲ ကျွန်မစိတ်ကို ချုပ်တည်းလိုက်သည်။ လာပို့သည့် သူ့သူငယ်ချင်းကို အချိုသာဆုံး ပြုံးပြီး“ကျေးဇူး”ဟု ပြောလိုက်သည်။ ဟိုလူ့ မျက်လုံးတွေက ကျွန်မကို တည့်တည့် မကြည့်ရဲဘဲ ဘေး တစောင်း ခေါင်းငုံ့၍ ထွက်ခွာ သွားသည်။

သူ့အပြစ်မှ မဟုတ်တာဘဲ။ လာပို့သည့် လူကို ရန်လုပ်လွှတ်လိုက်ရင် နောက်တစ်ခါ ကျွန်မယောက်ျား ကို လမ်းဘေးမှာ ကျီးထိုးထိုး ခွေးစားစား ထားပစ်ခဲ့တော့မှာပေါ့။ ဒါမျိုးတော့ အဖြစ်မခံ နိုင်ပေ။ ကျွန်မလေ အဲသည် ညက ကလေးနှစ်ယောက် အိပ်နေတာ၊ သူ အိပ်နေတာကို တစ်ညလုံး ထိုင်ကြည့်ပြီး မိုးလင်း သွားခဲ့ရသည်။ အဲသလို ထိုင်ကြည့်နေတုန်း မှာ ကျွန်မ ဘာတွေ တွေးနေလဲ သိလား။ ကျွန်မကလေး တွေကို အဖမဲ့သား ရေနည်း ငါးလေးတွေ ဖြစ်တာ မြင်ချင်လား။ ကျွန်မချစ်၍ ယူခဲ့သော ယောက်ျားကိုရော စွန့်လွှတ်နိုင်လား ဆိုသည့် မေးခွန်းတွေနဲ့ အတွေးတွေ တွေးနေ မိတာပေါ့။ အကြိမ်ပေါင်း များစွာ စဉ်းစား ဆင်ခြင်ပေမယ့် “ဟင့်အင်း”ဟု အငြင်း စကားပဲ ထွက်လာသည်။

သူ့ရင်ထဲမှာ နေရာ ကြီးကြီး မားမား ယူထားသူက ကျွန်မ မဟုတ်သည့် တခြားမိန်းမ တစ်ယောက်ဆိုတာကိုလည်း ကျွန်မက ထည့်သွင်း စဉ်းစား ရပါသည်။ ထိုကိစ္စကို ကျွန်မ သိခွင့်ရတာလည်း မကြာသေးပါ။ အရင်က သူလည်း ဟန်ဆောင် ကောင်းခဲ့ပါသည်။ ကျွန်မ မရိပ်မိအောင် သူနေခဲ့ ပါသည်။ တစ်လောက သူတို့ မေဂျာက ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲ ကျင်းပချိန်မှာ သူကလည်း ရန်ကုန်ကို တိုက်တိုက်ဆိုင်ဆိုင် ရောက် နေခဲ့သည်။ သူငယ်ချင်းတွေ အဆွယ် ကောင်းမှုကြောင့် တက်ဖြစ်ခဲ့သတဲ့လေ။ ထိုပွဲ မှာ အချစ်ဦးနှင့် ပြန်တွေ့ခဲ့ဟန် တူသည်။ ထိုအချိန်မှစ၍ နေ့နေ့ညည တွေတွေဝေေ၀ ငေးငေးမောမော ဖြစ်နေတော့ တာပဲလေ။ သည်ကနေ့ ၀ယ်ခိုင်းသည့် ကံ့ကော်ပန်းတွေကလည်း တစ်ခုခု မရိုးသားတာ အမှန်ပဲ။ ရန်ကုန်ကိုများ လူကြုံနဲ့ ပို့ပေးလိုက်သလား။

လူတွေဟာ အချစ်နဲ့ တွေ့ရင် နုသွားတတ်သတဲ့။ ဆင်ခြင်တုံ တရားလည်း ကင်းမဲ့သွား တတ်သတဲ့။ ကျွန်မ ယောက်ျားကို ကြည့်ပြီး အဲသည် အဆိုကို ထောက်ခံရ မလို ဖြစ်နေပြီ။ အချစ် ခံရသူက ခုထိ အပျိုကြီး လုပ်နေသတဲ့။ ဒီမြို့က သူနှင့် မေဂျာတူ သူငယ်ချင်းမတွေဆီမှ တစ် စွန်း တစ်စ သိခွင့်ရခဲ့သည်။ ကျွန်မ ယောက်ျားကို သ၀န် မတိုနိုင်ဘဲ သနားရမလိုတောင် ဖြစ်နေသည်။ ၀န်ကြီးဌာန တစ်ခုက လက်ထောက်ညွှန် ကြားရေးမှူး အဆင့်ရှိတဲ့ အပျိုကြီး မမက ကလေး နှစ်ယောက် အဖေကို စိတ်ကူးယဉ် နေဦး မတဲ့လား။ သူ့လိုနယ်မြို့လေးမှာ ဘ၀ကို ပစ်တိုင်းထောင် နိုင်ဖို့ မနည်း ရုန်းကန် နေရသည့် သူကို ကရုဏာ အပြင် တခြားဘာမျှ မရှိနိုင်ပါ။ သူ ဒီလို ရူးမူးနေတာကို ဟိုက သိတောင် သိမှာ မဟုတ်။ ဘယ်အမျိုးကောင်း သမီးကမှ သူများ ယောက်ျားကို မျှော်လင့်ချက် ပေးမည်မဟုတ်။ ကျွန်မ ယောက်ျားဘက်ကသာ တစ်ဖက်သတ် ရူးနေခြင်းဖြစ် ပေမည်။ ကိုယ်မမြင်ဖူးသော အကြောင်းမသိသော အမျိုးသမီး တစ်ယောက်ကို စွဲချက်တင် အပြစ်ဖို့ပြီး ကိုယ့်ယောက်ျား ၏အပြစ်ကို ပေါ့လျော့အောင် မလုပ်လိုပါ။ အဲသလို ပြုမူ ကျင့်ကြံတတ်သော မိန်းမများ ကိုလည်း အထင်မကြီးပါ။ မလိုလားအပ်သော အိမ်ထောင် ကွဲခြင်းများသည် ထိုမိန်းမများ ပဲ့ကိုင် ညံ့ဖျင်းမှုကြောင့် ဟု ကျွန်မ ယုံကြည်နေသည်။

ကျွန်မ ထင်သားပဲ။ ကျွန်မဆီကို ဒီသတင်းက တစ်နည်းနည်းနဲ့ ရောက်လာမှာ ပဲလို့။ ကံ့ကော်ပန်း ကိစ္စလေ။ ထို အမျိုးသမီး ပြည်ကို ဘုရားဖူးလာပြီး အပြန်မှာ သူက ကံ့ကော်ပန်းစည်း ဆက်၍ ကြိုသတဲ့။ ကံ့ကော်တောက တိတ်တခိုး ဇာတ်လမ်းလေးကို ကံ့ကော်ပန်း စည်းလေးက ပြောပြမှာတဲ့လား။ အိမ်ကို လာသည့် သူ့သူငယ်ချင်းတွေက မထင်မှတ်ဘဲ စလိုက်ခြင်းကို ကျွန်မက ကြားသွားတာပါ။ အချင်းချင်း စနောက်ရင်း စမြုံ့ပြန်ပြီး ကြည်နူး နေကြတာပေါ့လေ။ ကျွန်မ နှလုံးသားကို ဖျစ်ညှစ် လိုက်သလို မွန်းကျပ်နာကျင် သွားပေမယ့် နှုတ်ခမ်းကို ကိုက်ပြီး မာန်တင်းလိုက်သည်။ ရင်ထဲက ခံစားချက်ကို သ၀န်တိုခြင်းဖြင့် ဖော်ပြရန် မဖြစ်နိုင်။ ကျွန်မ ဘေးနားမှာ ရုပ်ခန္ဓာကြီး တစ်ခုလုံး ရှိနေပါသည့် ယောက်ျားကို ကျွန်မက သ၀န် တိုစရာလား။ ဟိုမိန်းမကို သူယူ ရလောက်အောင် မချစ်ခဲ့လို့ပဲ ဆိုတာ ရှင်းနေသည်။

ဒါမှမဟုတ် ပန်းကလေးလို မထိရက် မကိုင်ရက်ဘဲ ကြွေသည် အထိ ထိုင် စောင့်ကြည့်ချင်သည့် အချစ် မျိုးနဲ့ချစ်တာလား။ ဘယ်လို အချစ်မျိုးပဲဖြစ်ဖြစ် ကျွန်မ ဘေးမဲ့ပေးထားလိုက်သည်။ တစ်သက်လုံး ပေါင်းဖော်ဖို့ ကျွန်မကို ရွေးချယ်ခဲ့သည့် အချက်က ထိုအမျိုးသမီးထက် ကျွန်မဘက်က အားသာချက် ဖြစ်သည်။ သူကရော အချိန်တန်ရင် ကျွန်မတို့ မိသားစုဆီ ပြန်လာရတာပဲ မဟုတ်လား။ တကယ်တော့ စိတ်ဆိုတာမျိုး က ပျံ့လွင့် ဖောက်ပြားတတ်တဲ့ သဘောရှိတာပဲလေ။ တစ်ခါ တစ်ခါ လွတ်ထွက်သွားတတ် တာမျိုးပါ။ သတိလည်လာ လို့ ချည်တိုင်မှာ ပြန်ကပ်ရင် တော်ပါပြီ။ ကျွန်မ အဓိကထား စဉ်းစားရမှာက ကျွန်မ နှင့် ကျွန်မ သားသမီးတွေ အတွက်လေ။ ပြီးတော့ ကျွန်မမိသားစု မပြိုကွဲရေး...။ သည်းခံခြင်း ဆိုတာ ကျွန်မ အတွက် လွယ်လွယ်လေးပါ။

မိုးအေးအေးနေ့ တစ်နေ့ မှာ ညီမလေးနှင့်အတူ သူငယ်ချင်းတစ်ယောက် ကျွန်မအိမ်ကို ရောက်လာကြ သည်။ ထိုနေ့က ဈေးပိတ် သော ဥပုသ်နေ့လည်း ဖြစ် သည်။ သူတို့ ယောက်ျားတွေ သူတို့ကို ဂရုမစိုက် လူရာ မသွင်းသည့်ကိစ္စနှင့်ပတ်သက် ပြီး ပြောဆိုကြရင်း မျက်ရည် ကျကြသည်။ အချစ်မပါဘဲ အိမ်ကသဘောတူ၍ အိမ် ထောင်တစ်ခု တည်ထောင် လိုက်သူများ ဖြစ်ကြသည်။ သူတို့ မျက်ရည်တွေကို ကြည့် ကောင်းကောင်းနှင့် ထိုင် ကြည့်နေလိုက်သည်။ ငိုစမ်း ကြိုက်သလောက်။ နှပ်ချေး တွေ ထွက်လာသည်။ မျက် လုံးနှင့်ပါးအို့များနီလာသည်။ မျက်ရည်ကလွဲပြီး ဘာမှ ခုခံ အားမရှိသူတွေ။ အားရပါးရ ငိုပြီး ကျွန်မကို လှမ်းကြည့် ကြသည်။ ကျွန်မ လှိုက်လှိုက် လှဲလှဲပြုံးပြလိုက်သည်။ သူတို့ လည်း အငိုမျက်နှာလေးများ နှင့် လိုက်ပြုံးကြသည်။

“အခု နင်တို့က ဘာဖြစ် ချင်တာလဲ”

ကျွန်မလေသံက နည်း နည်းတော့ ဆရာမကြီးလေသံ ပေါက်နေလိမ့်မည် ထင်သည်။
“နည်းနည်းပါးပါး မိသားစုနဲ့ နွေးနွးထွေးထွေး နေစေချင်တာပေါ့။ သူတို့ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး တော့လည်း ကောင်း၏ ဆိုး၏ အကြံဥာဏ်ယူတာမျိုး”ကျွန်မ သက်ပြင်းမောကို မှုတ်ထုတ် လိုက်တာမို့ သူ့စကား ရပ်သွားပြီး ကျွန်မကို ပြူးကြောင် ကြောင်လေး ကြည့်သည်။

“အရင်ကရော နင်တို့ အဲလို ပုံစံမျိုးနဲ့ နေခဲ့လို့လား။ ငွေရရင်ပြီးရော နေနေကြတာ မဟုတ်လား။ ဒီငွေရဖို့ ကိုယ့်ယောက်ျား ဘယ်လောက်ထိ စိတ်ညစ်ခဲ့ရသလဲ ဆိုတာ စဉ်းစားကြည့်ဖူးလား။ ငွေပေးတာ နည်းရင် နှုတ်ခမ်း စူမယ်။ အသုံးမကျတဲ့ ယောက်ျား လို့ ပြောမယ်။ မဟုတ်တာလုပ်ပြီး ငွေအများ ကြီးပုံပေးနိုင်တဲ့ ယောက်ျားတွေနဲ့ နှိုင်းယှဉ် မယ်။ အဲဒီတော့ သူတို့က နင်တို့ကို ကြွေးရှင်လို သတ်မှတ်လာမယ်။ အတ္တကို လျှော့ပါ ဟာ။ ကိုယ့်ခံစားချက်ကိုချည်း ထိပ်တန်း မတင်ပါနဲ့။ သူ့ခံစားချက်ကိုလည်း မျှဝေ နားလည် ပေးသင့်ပါတယ်။ အဲသလို နင်တို့ ဘက်က နေပေးရင် သူတို့ဘက်ကလည်း အချိုးပြောင်းလာပါလိမ့်မယ်။ ဒါဟာ ငါ့ လက်တွေ့ပါပဲ”
သူတို့က ကျွန်မကို ထူးဆန်းသူ တစ်ယောက်လို ငေးကြည့်နေကြသည်။

ကျွန်မ ယောက်ျားရဲ့ ချစ်သူ အပျိုကြီး မမက သူ့ထက် ၈ နှစ်ငယ်တဲ့ လူတစ်ယောက်နဲ့ လက်ထပ်သွားပြီး နောက်ပိုင်းမှာ ကျွန်မ ယောက်ျားဟာ ထူးထူးခြားခြား ပြောင်းလဲသွားသည်။ အရက် လုံးဝမသောက် တော့တာပါ။ ထိုမိန်းမ လက်ထပ်သွားတဲ့ သူက ကျွန်မယောက်ျား ကျောင်းသား ဘ၀ ကရုပ်မျိုးနဲ့ ခပ်ဆင်ဆင် တူတယ်လို့ ပြောသံ ကြားရသည်။ အဲသည်နောက်ပိုင်း သူ့ပါးစပ် ဖျားမှာ “လွမ်း” သီချင်းလည်း မရှိတော့ပါ။
“ချစ်ခြင်းမေတ္တာနဲ့ ___ ရင်းနှီးမှု မရှိ သော ___ ဆုံစည်းခြင်းတွေ ___ တည်မြဲ နေသရွေ့___ ဆုံးစည်းမှု မရှိသော ချစ်ခြင်း တို့တည်နေ မည်သာ ___” ဟူသော လှပသည့် သီချင်းစာသားလေးကိုတော့ ခဏ ခဏ လေချွန်နေသံကြားရသည်။ ကျွန်မက အဲသည် သီချင်းစာသားလေးတွေကို အသံ ထွက်ပြီး အော်ဆို ပေးလိုက်သည်။ ထိုအခါ သူက ကျွန်မကို နှစ်လိုဖွယ် ပြုံးပြပါသည်။


ရာသက်ပန်၊တောင်ငူဆောင်၊
Saturday, 31 October 2009
(ရွှေအမြုတေ မဂ္ဂဇင်း)

3 comments:

  1. ၀ထ္ထုကောင်းလေး မျှဝေပေးတာ ကျေးဇူးပါချာတိတ်ရယ်

    ReplyDelete
    Replies
    1. ခုလိုလာဖတ်ပေးတဲ့..မစံပယ် ကို ကျေးဇူးတင်ပါတယ်နော် :)

      Delete
  2. ကံ့ကော် ပန်းအကြောင်းလေးလဲပါလို့စိတ်ဝင်စားမိပါတယ်ဗျာ ၀ထ္ထုကောင်းလေးပါပဲ

    ReplyDelete

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates