(၂၈.၁၁.၂၀၁၁) မနက်ပိုင်း (၇)နာရီ မမဟနစံနဲ့ လှည်းတန်းမှာချိန်း၊
ပြီးတော့ မြောက်ဒဂုံက တိက္ခာရာမ ကျောင်းစာသင်တိုက်မှာ ပဋ္ဌာန်းပွဲအတွက်
အလှူသွားလှူ။ အင်း ပြီးတော့ ရုံးကို ပြန်လာတာ ၁၀နာရီမှာ ရုံးရောက်တာပဲ။
ရောက်ရောက်ချင်း ရေးပြီးသား ပုံပြင်ကလေးကို တင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ပြောချင်တဲ့အကြောင်း….. နာဆစ်ဆပ်။
ဂရိနတ်ဘုရားတွေနဲ့
လူသားတွေရဲ့ ပတ်သက်မှုအပေါ်မှာ အခြေခံထားပါတယ်။ လူသားကိုမှ ချစ်မိတဲ့
နတ်ဘုရားမလှလှလေးတစ်ပါး ဒုက္ခရောက်ရတဲ့ အကြောင်းပေါ့ဗျာ။ အချစ်ကလူတိုင်းနဲ့
သက်ဆိုင်သလို အရာအားလုံးဟာလဲ အချစ်ပေါ်မူတည်ပြီး ပြောင်းလဲ တတ်ကြတယ်။
ဒီနေ့တော့ ကျွန်တော့ပုံပြင်လေးက အချစ်နဲ့ပတ်သက်ပြီး ဆင့်ကဲဖြစ်လာတဲ့
အမုန်းတွေ၊ ရန်ငြိုးတွေ၊ ကျိန်စာတွေရယ်၊ အလွမ်းတွေ အကုန်လုံးကို
ဒီပုံပြင်လေးမှာ တွေ့ရမှာဖြစ်ပါတယ်။
ပုံပြင်လေးရဲ့
အစကတော့ Echo ဆိုတဲ့ နတ်ကညာမလေးပါ။ သူက တောင်စောင့် နတ်ဘုရားမလေးပါ။
သူ့ရဲ့ ထူးခြားချက်ကတော့ အကကောင်း၊ အဆိုကောင်းပြီး လူတိုင်း၊
နတ်ဘုရားတိုင်းရဲ့ အချစ်ကို ပိုင်ဆိုင်ထားနိုင်သူလေး ဖြစ်ပါတယ်။
တောင်စောင့်နတ်ဘုရားမလေးဟာ လူချစ်လူခင် ပေါများပြီး ပျော်ပျော်ရွှင်ရွှင်
နေတတ်သူလေးတစ်ယောက်ပေါ့ဗျာ။ သူ့သခင်မကတော့ အာဖရိုဒိုက်ပါ။ အာဖရိုဒိုက်မှာ
နောက်ထပ် လူသိများတဲ့ အမည်တစ်ခုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဗီးနပ်စ် တဲ့။
အချစ်နတ်ဘုရားမဟာ လှပသလောက် တစ်ခါတစ်ခါ ကြောက်စရာကောင်းတဲ့
စိတ်နေသဘောထားပိုင်ရှင်ပါ။ ဒါပေမယ့် သူက သူ့ကို ပျော်ရွှင်စေတဲ့ Echo ကို
အရမ်းကိုချစ်ပြီး Echo အတွက်ဆိုရင် ဘာမဆိုလုပ်ပေးဖို့
အဆင်သင့်ရှိသူတစ်ဦးဆိုရင် မမှားပါဘူး။ ဒါကတော့ ကျွန်တော်တို့
ဇာတ်လိုက်မင်းသမီးလေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပေါ့။အဲ့ဒီလို Echo
ကသူစောင့်ကြပ်ရတဲ့ တောအုပ်ကလေးထဲမှာနေပြီး သူ့ပတ်ဝန်းကျင်ကို
ပျော်ရွှင်အောင် ဖန်တီးပေးရင်း နေ့ရက်တွေကို ကုန်လွန်ခဲ့တာပေါ့။
အဲဒီအချိန်တစ်ပြိုင်နက်ထဲမှာပဲ ဂရိနယ်မြေထဲမှာ
အရမ်းကိုချောမော၊အရည်အချင်းရှိလွန်းတဲ့ ကောင်လေး တစ်ယောက်လဲ
နေထိုင်ခဲ့ပါတယ်။ သူ့ကို ဘုရင့်သမီးတော်ကစလို့ ဂရိပျိုဖြူတိုင်းက
နှစ်သက်ပြီး တိတ်တခိုး စိတ်ဝင်စားနေကြတာပါဘဲ။ ကိုရွှေမင်းသားကတော့
ဘယ်မိန်းမချောကိုမှ စိတ်မ၀င်စားပါဘူးတဲ့။ သူ့နာမည် ကတော့ နာဆစ်ဆပ်လေ။
နာဆစ်ဆပ် နောက်မှာလဲ သွားတဲ့နေရာတိုင်း မိန်းကလေးတွေက ၀ိုင်းဝိုင်းလည်
လို့။ ကြာတော့ ဘယ်သူ့ကိုမှ မချစ်တတ်တဲ့ နာဆစ်ဆပ် တစ်ယောက်
စိတ်ညစ်လာရတာပေါ့။ သူက မိန်းမတွေ ကိုလည်း စိတ်မ၀င်စား၊ သူ့ကိုကျတော့လည်း
မိန်းမတိုင်းက ကြိုက်လိုက်ကြတာ ကြာတော့ သူတော်တော် စိတ်ညစ်ပြီး
တောတောင်ထဲသွားနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မိန်းမတွေကို
ကြောက်လို့ တောထွက်လာပါမှ သူ့ခမြာ ပိုဆိုးတော့တာပါပဲ။ စမ်းချောင်းကလေး
ဘေးမှာ ထိုင်ပြီး မျက်နှာသစ်နေတုန်း သူ့နားမှာ ခြေသံသဲ့သဲ့လေး
စကြားရတော့တာပါပဲ။ ဒါနဲ့ သူလဲ ဘယ်သူလဲ။ ဘယ်သူလဲ လို့ အော်မေးလိုက်တာပေါ့။
သူမေးလိုက်တာ ပဲ့တင်သံနတ်ကညာလေးဆိုတော့ သူ့အသံကို ပဲ့တင်သံ တွေ ပြန်ပြန်
ထုတ်ပေးနေတာပေါ့။ သူကတစ်ခွန်းပြောလိုက် ပဲ့တင်သံတွေက ထွက်လာလိုက်နဲ့
ကြာတော့ သူအရမ်း စိတ်ဆိုးလာတယ်။ နတ်ကညာလေးကတော့ ချောမောလှပတဲ့
လူသားယောကျာ်းတစ်ဦးကို စစတွေ့ မိလိုက်ခြင်းမှာဘဲ အရမ်းကို ကြိုက်နှစ်သက်
ချစ်ခင်တဲ့ စိတ်တွေ ဖြစ်ပေါ်သွားတော့ နာဆစ်ဆပ် စိတ်မတို တိုအောင်
လိုက်စနေတော့တာပါပဲ။ လူတိုင်း နတ်ဘုရားတိုင်းက ချစ်ခင်ရတဲ့
နတ်ကညာလေးကိုလည်း နာဆစ်ဆပ် က စိတ်မ၀င်စားပြန်ပါဘူး။
နာဆစ်ဆပ်နောက် နတ်ကညာလေးက တကောက်ကောက် တောက်လျောက်ကို လိုက်နေပါတော့သတဲ့။
ကြာလာတော့ နတ်ကညာလေးမှာ စိတ်ညစ်လာပြီး ငိုမဲ့မဲ့နဲ့ နာဆစ်ဆပ်ကို ဒီလို
ပြောလိုက်ပါတယ်။
နာဆစ်ဆပ် ရယ် ရှင် ကျွန်မကို
ဘာလို့ စိတ်မ၀င်စားရတာလဲ။ ကျွန်မမှာ ချစ်သူ ခင်သူတွေအများကြီး ရှိရဲ့သားနဲ့
ရှင့်နောက် ကို အရိပ်လို တကောက်ကောက် လျောက်လိုက်နေတာတောင် ရှင်မသနား
နိုင်ဘူးလား။ အဲလောက်တောင် စိမ်းကားရက်စက်တဲ့ အသည်းနှလုံးကို ဘာကြောင့်
ရှင်ပိုင်ဆိုင်ထားတာလဲ။ ဒီလောကကြီးထဲမှာ ရှင်အချစ်ဆုံးက ဘယ်သူလဲဟင်။
ကျွန်မကို ပြောပါ။ ကျွန်မ သိပါရစေ။
ပြောပြောဆိုဆိုနဲ့
အက်ကိုးက ငိုချလိုက်ပါတော့တယ်။ အက်ကိုးက ငိုတော့ တောတောင်ထဲက
ပန်းပွင့်လေးတွေလည်း ညှိုးနွမ်းခြောက်သွေ့ကုန်တာပေါ့။ စမ်းချောင်းလေး ကလည်း
ငိုရှိုက်လို့။ ကျေးငှက်ကလေးတွေကလည်း တေးမဆိုနိုင်တော့ဘဲ သူတို့ သခင်မလေးရဲ့
အသည်းကွဲခန်းကို တိတ်တဆိတ် ရှုစားလို့။
နာဆစ်ဆပ်ကတော့ မသနားပါဘုး။
မင်း ငါ့နောက်ကို မလိုက်နဲ့။ မရှက်ဘူးလား။ ငါဘယ်သူ့ကိုမှလဲ မချစ်ဘူး။ အချစ်ဆိုတာလည်း ငါ့မှာ မရှိဘူး။ မင်းကိုလဲ စိတ်မ၀င်စားဘူး
လို့
ပြတ်ပြတ်သားသား ပြောတော့တာပေါ့။ သူ့နောက်ကို တကောက်ကောက်လိုက်နေတဲ့
အက်ကိုးကိုလဲ သူစိတ်ကုန်တယ်။ မိန်းမတွေကို သူစိတ်မ၀င်စားတာ သူဟာ ဘယ်သူနဲ့မှ
မတန်ဘူးဆိုပြီး တလွဲ မာနကြီးနေတာ လည်းပါတာပေါ့။ လုံးဝအချစ်မရှိတဲ့
ယောကျာ်းတစ်ယောက်ပေါ့ဗျာ။ ချစ်ရသူရဲ့ စိမ်းကား ရက်စက်ခြင်း ကို ခံရတဲ့
အက်ကိုးလေးဟာ မအိပ်နိုင်မစားနိုင် သီချင်းတွေလဲမဆိုနိုင်ဘဲ
တမှိုင်မှိုင်တတွေတွေနဲ့ နေရာကနေ ကြာလာတော့ သူမရဲ့ နတ်ကိုယ်ထည်
ပျောက်ထွက်သွားပြီး အသံသဲ့သဲ့လေးသာ ကျန်ခဲ့တာပေါ့။ အက်ကိုးဟာ ရုပ်ကိုယ်ထည်
ပျောက်သွားလည်း သူမရဲ့ အသံသဲ့သဲ့လေးနဲ့ ချစ်ရသူနောက်ကို
လိုက်ကြည့်နေရတုန်းပါပဲ။ သူ့သခင်မ ဗီးနပ်စ်ကိုလည်း ခစားဖို့
ပျက်ကွက်တာပေါ့။ အချစ်ကလွဲလို့ ဘာမှ မမြင်တဲ့ မိန်းကလေးတစ်ယောက်က အရာရာ ကို
အဆုံးရှုံး ခံရတာတောင် သူ့ချစ်ရသူအတွက် ကျေနပ်နေတုန်းပါပဲ။
သူ့ချစ်သူအတွက်
အရာအားလုံးကို ပေးဆပ်ရင်းနဲ့ လောကကြီးကို မေ့ထားတဲ့ အက်ကိုးအကြောင်းကို
ဗီးနပ်စ်က သိသွားတဲ့အခါ အရမ်းကို စိတ်ဆိုးသွားတယ်။ သူသိပ်ချစ်တဲ့
နတ်ကညာလေးကို ဒီလို အဖြစ်ဆိုးမျိုးနဲ့ တိုးအောင် လုပ်ထားတယ်တဲ့သူဟာ
နာဆစ်ဆပ်ဆိုတော့ သူက ကလဲ့စားချေဖို့ ပြင်ဆင်တော့တာပါပဲ။ နာဆစ်ဆပ်တစ်ယောက်
မနက်ဖြန် မိုးလင်းလင်းချင်း တွေ့မိသူကို အရူးအမူးချစ်မိပြီး
အက်ကိုးခံစားရတာထက် အဆပေါင်းများစွာ ရူးသွပ်ခံစားရပါစေဆိုပြီး
ကျိန်စာတိုက်လိုက်တယ်။ နတ်ဘုရားမရဲ့ ကျိန်စာဆိုးကို ဘယ်နတ်ဘုရားတွေကမှ
ဖြေဖျောက်ပေးလို့မရပါဘူး။ နာဆစ်ဆပ် ကိုယ်တိုင်ကလည်း သူဟာ
ကျိန်စာတိုက်ခံထားရခြင်းကို မသိရှာပါဘူး။ ဒီလိုနဲ့ နာဆစ်ဆပ်က
မနက်မိုးလင်းလင်းခြင်း စမ်းချောင်းကလေး ဆီသွားပြီး မျက်နှာသစ်လိုက်ရာမှာ
သူ့မျက်နှာကို မြင်မြင်ချင်း အရမ်းကို အံ့အားသင့်သွားတယ်။ လူတစ်ယောက်ပေါ့။
သူ့ရင်ထဲကို လူတစ်ယောက်ရောက်လာတယ်။ အံ့အားသင့်လွန်းအားကြီးပြီး သူ့ရင်တွေ
တထိတ်ထိတ်နဲ့ ခုန်လာတယ်။ အဲဒီခံစားမှုကို သူအရင်က မကြုံဘူးဖူး။ သူ
စမ်းချောင်းလေးကို တွေတွေလေး ငေးကြည့်ရင်းကနေ အဲဒီမျက်နှာကို
ကြည့်မ၀ဖြစ်ပြီး စမ်းချောင်းလေးနားက ကို မခွာနိုင်တော့တာ။ အရမ်းကို
ထူးဆန်းပြီး ဒီခံစားချက်ထဲမှာပဲ နစ်မြောနေတဲ့ လူတစ်ယောက်အဖြစ်။
နာဆစ်ဆပ်
အချစ်ကို တွေ့ရှိသွားပါတယ်။ ဒါပေမဲ့ သူတွေ့ရှိသွားတဲ့အချစ်ကလည်း
သူ့ကိုယ်သူချစ်တဲ့အချစ်ဖြစ်နေတယ်။ အက်ကိုးက နာဆစ်ဆပ် အဖြစ်ကို သိသိချင်း
ကျိန်စာတိုက်ခံရတာ မို့ ဗီးနပ်စ်ရှိရာ အပြေးသွားပြီး ခွင့်လွှတ်ပေးဖို့
ငိုကြွေးးပြီးတောင်းပန်တော့တာပါပဲ။ ခက်တာက ဗီးနပ်စ်က သူ့ကျိန်စာကို
မရုပ်သိမ်းနိုင်အောင်ကို တစ်ခါတည်း ကျိန်ပစ်ခဲ့တာမို့ ဘယ်လိုမှ နှုတ်လို့
မရတော့ပါဘူးတဲ့။ ကြာလာတော့ နာဆစ်ဆပ် က စမ်းချောင်းလေးဘေးမှာ
ပေါက်ရောက်နေတဲ့ သစ်ပင်လေး အဖြစ်ကို တဖြေးဖြေးချင်း
ကူးပြောင်းသွားပါတော့တယ်။
သူ့ချစ်သူ အထီးကျန်မှာ စိုးလို့ အက်ကိုးကလဲ
သီချင်းလေးတွေ ဆိုရင်း နာဆစ်ဆပ်ကို ကပြလို့။ မိန်းမတစ်ယောက်ရဲ့
အဆုံးအစွန်ထိ အချစ်ကို ဖော်ဆောင် ပေးခဲ့ပါတယ်။ အက်ကိုးက
သီချင်းလေးတွေဆိုရင်း ပန်းပင်အဖြစ် ပြောင်းသွားတဲ့ လူသားလေး နာဆစ်ဆပ်ကို
နောက်ဆုံးအနေနဲ့ နမ်းလိုက်ပါတယ်။ အဲဒီအနမ်းလေး အဆုံးမှာ နာဆစ်ဆပ်လဲ သက်မဲ့
ပန်းပင်လေး အဖြစ်ကို ပြောင်းလဲသွားတော့တာပေါ့။ အက်ကိုးက ကလည်း မက၊
သီချင်းတွေလဲ မဆိုတော့ဘဲ ပဲ့တင်သံလေးအဖြစ် ချစ်သူ သစ်ပင်လေးနားမှာ
တစ်သက်လုံး ထာဝရအတွက် နေထိုင်သွားပါတော့တယ်။ ဘ၀ချင်းလည်း ခြားသွားတဲ့
ချစ်သူ ကို သူများတွေက ဖျက်ဆီးနှောက်ယှက်မှာ စိုးတဲ့အတွက် ချစ်သူ
သစ်ပင်လေးနားမှာ ကာကွယ် စောင့်ရှောက်ရင်း နေထိုင်သွားဖို့ သူမ အပြီးတိုင်
ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ ဗီးနပ်စ်က တော့ သူတို့နှစ်ဦးကို
စောင့်ကြည့်လို့။
ကဲ ပုံပြင်လေးကတော့ ဒါပါဘဲ
ခင်ဗျာ။ နာဆစ်ဆပ်လို ကိုယ့်ကိုယ်ကိုယ် ချစ်နေမှာလား။ အက်ကိုးလို
အဆုံးရှုံးခံအချစ်နဲ့ စတေးရင်း ချစ်သွားမှာလား။ ဗီးနပ်စ်ကလည်း
သူ့သိပ်ချစ်တဲ့ ကလေးမလေးအတွက် ဒေါသထွက်ပြီး ကျိန်စာတိုက်တာ
အချစ်ကြောင့်ပါပဲ။ အဲနောက်တော့ နာဆစ်ဆပ်ပန်းဆိုတဲ့ ပန်းကလေးတွေ နာဆစ်ဆပ်ကို
ကိုယ်စားပြုတယ် ပြောကြတယ်။ ကျနော်တော့ အပြင်မှာ မတွေ့ဘူးဘူးရယ်။
အတ္တကြီးတဲ့ယောကျာ်းတွေကို နာဆစ်ဆပ်နဲ့ နှိုင်းပြီး ပြောကြတယ်။ ကျနော်ကတော့
သူ့ကို အပြစ်မတင်မိပါဘူး။ ကိုယ်မချစ်နိုင်တဲ့လူကို မချစ်နိုင်ကြောင်း
ပြတ်ပြတ်သားသား ငြင်းတာ သူ့ကိုချစ်နေတဲ့ လူအတွက် နောက်တစ်ယောက်ကို
ရှာခွင့်လွတ်လွတ်လပ်လပ်းလိုက်လို့ပါပဲ။ အဲမှာမဟုတ်ဘဲ
ဟန်ဆောင်ချစ်ကြိုက်ရင်း မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို လိမ်ညာလှည့်ဖြား
ဘ၀ကို ဖျက်ဆီးတတ်တဲ့လူတွေကျတော့ အတ္တကြီးတယ်ရယ် မခေါ်တော့ဘူး။ အဲဒါကြောင့်
အတ္တကြီးပြီး သူများအချစ်ကို အလေးအနက်မထားတတ်တဲ့သူဟာ သူများကို
ဖျက်ဆီးတဲ့လူထက်တော့ အဆင့် ပိုမြင့်တယ်လို့ မြင်မိတာပဲ။ ကျနော်တော့
နာဆစ်ဆပ်ကို အတ္တကြီးတဲ့လူထက် သူမကြိုက်တာကို မကြိုက်ကြောင်း ပြတ်ပြတ်သားသား
ငြင်းပိုင်ခွင့် ၊ သူ့ Right ကို သူအသုံးချသူလို့ပဲ မြင်မိတာပဲ။ Echo
သူ့အကြောင်း စဉ်းစားတော့ ကျနော့်စိတ်တွေ .. ရုတ်တရက် .. တစ်စုံတစ်ရာကို ..
သတိရရင်း.. နာကျင် ကြေမွသွားတယ်… ကြာတော့လည်း ကြာခဲ့ပါပြီ။
Credit By - Angelica Zaw
Monday, November 28, 2011
at 12:34pm
Thursday, 16 February 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....