Tuesday, 28 February 2012

ရောင်ခြည်စက်ဝန်းသက်ရောက်မှု

ခွေးအဟောင်ခံရသူတိုင်းဟာ သူခိုးဟုတ်ချင်မှ ဟုတ်မယ်၊ စာပို့လုလင်လည်း ဖြစ်နိုင်တယ်။
မုတ်ဆိတ်ရှည်ထားသူတိုင်းဟာ အနုပညာသည် ဟုတ်ချင်မှဟုတ်မယ်။
ဆံပင်ရှည်ထားသူတိုင်းဟာလည်း လမ်းသရဲဟုတ်ချင်မှဟုတ်မယ်။

သောကြာနေ့ညနေတိုင်း ဦးမောင်က နေမကောင်းဖြစ်နေတဲ့မိခင်ကို ပြန်ကြည့်တဲ့မိန်းမဖြစ်သူကို ဘူတာရုံလိုက်ပို့တတ်တယ်။ မိန်းမစီးတဲ့ရထားထွက်သွားပြီး နောက်(၁ဝ)မိနစ်အကြာမှာ ဦးမောင်ရဲ့ညီမဖြစ်သူ လိုက်ပါလာမယ့်ရထားက ဘူတာဆိုက်တယ်။ မိန်းမ မရှိတုန်း အိမ်မှာလာကူချက်ပြုတ်ပေးတဲ့ ညီမဖြစ်သူကို ဦးမောင်ကစောင့်ကြိုပြီး အိမ်ခေါ်ပြန်တယ်။ တနင်္ဂနွေနေ့ညနေမှာတော့ ညီမကို ဘူတာရုံလိုက်ပို့ပြီး (၁ဝ)မိနစ်အကြာမှာ ပြန်ရောက်လာတဲ့မိန်းမကို ဦးမောင်အိမ်ခေါ်ပြန်တယ်။

ဒီလိုနဲ့ တနင်္ဂနွေနေ့ညနေမှာ ညီမစီးတဲ့ရထားထွက်သွားပြီးနောက် မိန်းမရောက်အလာကို ဦးမောင်စောင့်နေခဲ့တယ်။ အဲဒီမှာ ဝန်ထမ်းတစ်ဦးက ဦးမောင်နားလျှောက်လာပြီး ရယ်ရယ်ပြုံးပြုံးနဲ့ပြောတယ်။

"ခင်ဗျားကြီး ... တော်တော်အကြံပိုင်တာပဲနော်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ခင်ဗျားဒီလိုလုပ်တာကို သူတို့မိသွားမှာ မကြောက်ဘူးလား?"

တခြားလူတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ကျွန်တော်တို့ဟာ "ကြိုတင်မှန်းဆ"တဲ့ အကြည့်နဲ့ သူတို့ကိုကြည့်မိတတ်ကြတယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ "ဘောင်"ထဲသွင်းပြီး အဲဒီဘောင်နဲ့ ဒီလူကတော့ဖြစ် လူကောင်း၊ ဒီလူကတော့ဖြစ် လူဆိုးဆိုပြီး ခွဲခြားလေ့ရှိတယ်။ "သူကြည့်ရတာ နောက်မီးလင်းနေသလိုပဲ၊ သူကတော့ဖြစ် အရမ်းလူလည်ကျတတ်တာပဲ" စတဲ့အတွေးတွေနဲ့ တစ်ဘက်လူရဲ့ကိုယ်ပေါ် ကျွန်တော်တို့ ပုံချတတ်တယ်။ အမှန်တရားနဲ့ လမ်းလွဲသွားတာမျိုးတွေရှိတယ်။

ဒီလိုပုံပြင်တစ်ပုဒ်ကို ကြားဖူးမယ် ထင်ပါတယ်။

Monday, 20 February 2012

ဒီမိုကရေစီ အော်တိုင်းပြေးပေလိမ့်....

“ဒီမိုကရေစီ အော်တိုင်းပြေးပေလိမ့်”

ရသမျှတွေအကုန်ဘုံး
သုံးလို့ကုန်တော့ လက်ရှောင်
ပြုံးမယောင်ယောင် မျက်နှာပေးနဲ့
ကမ္ဘာကိုလေချိုသွေးတယ်
ဒီမိုကရေစီလူ့ဘောင်ကို သွားကြရအောင် တဲ့…..။

သနပ်ခါးပါးပါး မျက်နှာပေါ်တင်
ပေါင်ကြားမှာ သေးရာမစင်တယ်
ကြံ့ဖွတ်အစိုးရ အပုပ်ကောင်ရယ်
ယုတ်မာပုံ ကျော်မကောင်း။

မဟနကို ခြေတော်တင်
သံဃာကို မြိုင်ရပ်နှင်တဲ့
ရင်နာစရာ ဒီဖြစ်အင်
ဘုရာ့သာသနာ ဆွေးဖို့အရေးမို့
တွေးမိရင် တကယ်ရင်လေး…..။

ထမင်းမ၀လို့ ဆန္ဒပြ
အလုပ်သမားဘ၀လည်း လျစ်လျူရှု၊
လယ်မြေတွေသိမ်းလို့
ယိမ်းယိုင်နေတဲ့ ဘ၀တွေအတွက်
တည့်မတ်ပေးဖို့လည်း မကြိုးစား၊
မလျော်ကန်တဲ့ လုပ်ဇာတ်နဲ့
ဂျပန်အစုတ်အပြတ်ကိုလည်း ဖွက်လိုဖွက်၊
နက်သထက်နက်တဲ့ သူ့ကျွန်တွင်း
ပြည်သူကို ဆွဲသွင်းနေရော့သလား
ဒင်းတို့ ဆောင်းထားတဲ့မင်းသားခေါင်း
တဖြည်းဖြည်းနဲ့ စောင်းလာပြီ။

တိုက်ပွဲသံတွေ တညံညံနဲ့
ငြိမ်းချမ်းရေးကို ဖော်ဆောင်
နင်လားဟဲ့ မခုတ်တတ်တဲ့ကြောင်
လုပ်ရပ်က အထုတ်ဖြည်ပြနေတော့
စင်ပေါ်က ကို့ရိုးကားယားသဏ္ဍာန်
သိုးရေလေး မလုံ့တလုံဖုံးပါလို့
အစွယ်တပြူးပြူးနဲ့ တကယ့်ဝံပုလွေအရူး……။

အာဏာရှင်ထိုင်ခုံလှုပ်မယ့်
ဖွဲ့စည်းပုံအစုတ်ကိုတော့ အထိမခံ
သခင့်သစ္စာစောင့်သိသည့်ဟန်
မြင်မြင်ရာထိုးလို့ဟောင်တယ်
ဗြောင်ကျကျ ခွေးပမာသို့နှယ်……….။

ရှေ့မှာထွက်တော့ အပျိုတော်အက
ဟန်ရေးပြတော့ တကယ်ကောင်း
အောက်စဟောင်းလောင်းနဲ့ ဘီလူးဆိုင်းတီး
ဒီပုံစံ ဒီနည်းလမ်းတွေနဲ့
ဒီမိုကရေစီစခန်း မြန်းကြလျှင်ဖြင့်
ပင်ပန်းကြရုံသာအဖတ်တင်
ရွှေပြည်တော် မျှော်တိုင်းဝေးပေလိမ့်
သြော်………..
ဒီမိုကရေစီ အော်တိုင်းပြေးပေလိမ့်………။

မောင်ပါလ
၂၁.၂.၂၀၁၂

Sunday, 19 February 2012

အမေသိပါစေ

အမေသိပါစေ
(၁၂-ရက်ကြာ ဆန္ဒပြနေသော တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမလေးများကိုယ်စား )

ဆင်းရဲမှု မဖူလုံမှုတွေနဲ့
နေသားကျနေကြပေမယ့်
တခါတလေတော့လည်း
ထကြွမိကြတယ်အမေ….။

အမေရဲ့ ဒီမိုကရေစီခရီးကို
အနှောင့်အယှက်ပြုမိရင်တော့
ဆောရီးပါအမေ……။

အမေ စဉ်းစားကြည့်ပါ
တနာရီ တရာကျပ်တဲ့
အဲဒီဝင်ငွေက
ငွေတိုးချေးစားနေသူတွေနဲ့နပန်းလုံး
ကိုယ့်ပြည်တွင်းမှာပဲ
သူ့ကျွန်လုံးလုံးပေါ့အမေ။

တနေ့ ထမင်းနှစ်နပ်
အဲဒီတနာရီတရာကျပ်နဲ့
ဘယ်လိုစားလောက်မတုန်း
အနောက်ကမိသားစုအတွက်
သမီးတို့ရဲ့လုပ်အားခရှယ်ယာ
စိတ်ကူးထဲတောင် ရှာမရဘူးအမေ။

တက်တက်ကြွကြွနဲ့
အားရပါးရပြောနေကြတဲ့စကား
နားမဆံ့အောင်ကြားမိပါရဲ့
ဒီမိုကရေစီခရီးတဲ့လား
သမီးတို့အဖို့တော့…..
ယီးလေးလေး…ယီးလေးယိုပါပဲအမေ။

သမီးတို့အတွက်ကတော့
ဒီမိုကရေစီဆိုတာအပထား
မ၀ရေစာထမင်းနပ်တွေကြား
ကိုယ့်တိုင်းပြည်အရိပ်အောက်မှာ
တပါးကျွန်ဘ၀နဲ့ ပြားပြားမှောက်
ဖာမဖြစ်ရုံလောက်သာသာပါအမေရယ်….။

သမီးတို့ သမီးတို့နဲ့……….
သမီးတို့အတွက်တင်ပဲလား
တတိုင်းပြည်လုံးငတ်ပြတ်
ဒီအခြေထိဆိုက်နေခဲ့တာ
ကြာပေါ့အမေရယ်….။

ဆယ်နှစ်ရက်ဆန္ဒပြပြီး
လုပ်အားခတိုးတောင်းတော့
သမီးတို့က သူရဲကောင်းပေါ့။
တနေ့လုပ်မှတနေ့စား
ဗျာများနေရတဲ့ခေတ်မှာ
ဆယ်နှစ်ရက်အလုပ်ပျောက်လို့
ပါးစပ်ဘယ်နှပေါက် ဆန်ပြုတ်သောက်နေရတယ်ဆိုတာ
မျက်ရည်ခံထိုး ငိုပြောရမှာလားအမေရယ်…။

သမီးတို့တွေ မာန်တင်း
အင်အားရှိသလောက်တော့
တင်းခံကြည့်ရုံပေါ့အမေ….။
မခံနိုင်လို့ အလုပ်ပြုတ်လည်း
အနှိပ်သည် လုပ်ကြရုံပေါ့
တတိုင်းပြည်လုံးအတွက်မဟုတ်လို့
သိပ်တော့ စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။
သမီးတို့ ကုသိုလ်ပေါ့အမေရယ်…။

သြော်……….. မေ့လို့အမေ….
သမီးတို့ ဘယ်ဘ၀ရောက်ရောက်
အမေ့နောက်မှာ မြဲမြဲရပ်
မဲတပြားကတော့
အမေ့အတွက် ဆက်ဆက်ပါ။
သမီးတို့ဘ၀ နာလန်မထနိုင်လည်း
နောင်မျိုးဆက်သစ်
သမီးတို့လို ရေတိမ်မနစ်ရအောင်
စွမ်းဆောင်ပေးပါ အမေရယ်….။

မောင်ပါလ
၁၉.၂.၂၀၁၂

Saturday, 18 February 2012

ဝိမုတ္တိပင့်ကူမျှင်

ဒီအကြောင်းအရာလေးကို လက်ဆင့်မကမ်းခဲ့ရင် မင်းဘာမှမဖြစ်ပါဘူး။ မင်းရဲ့ ခွေးကလေး၊ ကြောင်ကလေးတွေကလည်း သေမသွားဘူး။မင်းလည်း ဖျားနာလာမှာ မဟုတ်ဘူး။ ခုနစ်နှစ်၊ ခုနှစ်မိုး ကံမကောင်းမှုတွေနဲ့ နပန်းလုံးရမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် မင်းတိုင်းပြည်ကို ချစ်တယ် ဆိုရင်တော့ ဒါလေးကို တတ်နိုင်သမျှ လူတွေအများကြီးထဲ လက်ဆင့်ကမ်း ဝေငှလိုက်စမ်းပါ။ သူတို့ရဲ့ အမူအကျင့်တွေကိုလည်း ပြောင်းလဲနိုင်ပါစေလို့ ဆိုထားတာကိုးဗျ။ ကျွန်တော်ကလည်း ကိုယ့်တိုင်းပြည်ကို သိပ်ချစ်တဲ့သူပါ။ ဒါကြောင့် အများသိအောင် မျှဝေလိုက်ပါတယ်။ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့အစည်း တစ်ခုရဲ့  သတင်းအချက်အလက်ကလေးပေါ့။

သူက ဒီလို ပြောတယ်ဗျ။ ဆင်းရဲတဲ့ နိုင်ငံနဲ့ ချမ်းသာတဲ့နိုင်ငံတွေရဲ့ ကွာခြားချက်က နိုင်ငံရဲ့  သက်တမ်း အနုအရင့်နဲ့ မဆိုင်ဘူး။ ဥပမာ အိန္ဒိယ၊ အီဂျစ်တို့လို နိုင်ငံတွေဟာ သက်တမ်း နှစ်ပေါင်းနှစ်ထောင်ကျော် ရှိခဲ့ပါပြီ ဆင်းရဲတုန်းပဲ။ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန် နိုင်ငံတွေက သက်တမ်း တစ်ရာ့ငါးဆယ်လောက် ရှိသေးတယ်။ ဒါပေမယ့် တိုးတက်ချမ်းသာကြလို့။

နောက် ဆင်းရဲ၊ ချမ်းသာကွာခြား မှုဟာ ဒီတိုင်းပြည်တွေရဲ့ သဘာဝသယံ ဇာတအရင်းအမြစ်တွေပေါ်မှာလည်း မူမတည်ဘူးတဲ့။ ဒါပေမယ့် ဂျပန်နိုင်ငံ ကို ခင်ဗျား ကြည့်လိုက်စမ်း။ ပင်လယ် ရေတွေနဲ့ ၀ိုင်းထားတယ်။ နိုင်ငံရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်က တောင် တန်း တွေဖြစ်နေတယ်။ အသီးအနှံစိုက် ပျိုးဖို့၊ တိရစ္ဆာန်မွေးမြူဖို့ မြေမလုံလောက်ဘူး။ မယ်မယ်ရရ ဘာသယံဇာတ ပစ္စည်းမှလည်းမထွက်ဘူး။ ကြည့်လိုက်တော့ သူက ကမ္ဘာ့ဒုတိယအချမ်းသာ ဆုံးနိုင်ငံဗျ။ ဘာကြောင့်လဲဆိုတော့ တစ် ကမ္ဘာလုံးကကုန် ကြမ်းတွေသွင်းပြီး ကုန်ချောထုတ်ပြန်ပို့တာကိုး။ ဧရာမ ရေပေါ်စက်ရုံလို့တောင်တင်စားရတယ် မဟုတ်လား။ နောက်ဥပမာတစ်ခုက ဆွစ်ဇာလန်နိုင်ငံဗျာ။ ကိုကာပင်တွေ မစိုက်ပေမယ့် ကမ္ဘာ့အကောင်းဆုံး ချော့ကလက်ကို ဆွစ်ဇာလန်ကထုတ် တယ်။ နိုင်ငံက သေးသေးလေး။

ရာသီ ဥတုကဆိုးတော့ တစ်နှစ်မှာ လေးလပဲ စိုက်ပျိုးမွေးမြူချိန်ရတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး နို့ထွက်ပစ္စည်းတွေက ဆွစ်ဇာလန်က ထွက်တယ်။ နောက်လုံခြုံ မှု၊ အစီအစဉ်ကျမှုနဲ့ အလုပ်လုပ်မှုမှာ ထိပ်တန်းဖြစ်ပြီး ကမ္ဘာ့စိတ်အချရဆုံး နိုင်ငံလည်းဖြစ်တယ်။ တကယ်လို့သာ ခင်ဗျားမှာ ပိုက်ဆံတွေ အများကြီးရှိခဲ့ရင် ဆွစ်နာရီကိုပတ်ပြီး ဆွစ်ဘဏ်မှာပဲငွေကို အပ်မှာ မဟုတ်လား။

နောက် နိုင်ငံတွေရဲ့ဆင်းရဲချမ်းသာ ကွာဟမှုဟာ လူမျိုးနဲ့ အသားအရောင် ပေါ်မှာလည်း မူမတည်ဘူးတဲ့။ အင်မ တန် ပျင်းရိပါတယ်ဆိုတဲ့ အာဖရိက တိုက်ဖွားလူမည်းတွေဟာ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန် စတဲ့ ဥရောပနိုင်ငံတွေ လည်းရောက်ရော အလုပ်အတော်လုပ် တဲ့ အင်အားစုတွေဖြစ်လာရော။ လုပ် သလောက်အကျိုးရှိလို့ ပိုလုပ်တဲ့သဘော လို့ ကျွန်တော်ထင်ပါတယ်။ ထားပါ တော့လေ။

ဒါဖြင့် ဆင်းရဲချမ်းသာကွာဟမှုရဲ့ အဓိကအချက်က ဘာလဲလို့မေးစရာရှိ တယ်။ ဟုတ်ကဲ့၊ အဖြေက လူတွေရဲ့ စိတ်ဓာတ်ပါပဲတဲ့။ ဒီစိတ်ဓာတ်ကို ပုံသွင်းတဲ့အရာတွေက လူတို့သင်ယူခဲ့ ရတဲ့ပညာရေးနဲ့ သူတို့ရဲ့ဓလေ့ထုံးစံတွေ ပါ။ ချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးသားတွေရဲ့ အပြုအမူကို ဆန်းစစ်ကြည့်တဲ့အခါ လူအများစုဟာ သူတို့ဘ၀မှာ အောက်ပါမူဝါဒ ကိုးချက် ကို လိုက်နာကြပါသတဲ့။

Friday, 17 February 2012

မိတ်ဆွေစစ်( ၄)မျိုးနှင့် မိတ်ဆွေတု ( ၄ )မျိုး



  မိတ်ဆွေကောင်း၊ မိတ်ဆွေစစ် ၄-မျိုး နှင့် သူတို့၏ မိတ်ဆွေကောင်း အင်္ဂါရပ်များ                                       
   ဗုဒ္ဓ သည် သိင်္ဂါလသူဋ္ဌေးသားကို မိတ်ဆွေကောင်း ၄-မျိုးကိုဟောကြားတော်မူ၏။

၁- အကြင်သူသည် အရင်ဦးစွာ မိမိရဲ့ ကောင်းကျိုးချမ်းသာကိုဆောင်ရွက်တတ်သည့်
    စိတ်ရင်းကောင်းရှိခြင်း။ ( ဥပကာရ မိတ်ဆွေ )
     - မူးယစ်မေ့လျော့နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
    - မေ့လျော့နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာတို့ကို စောင့်ရှောက်တတ်၏။
    - ကြောက်ရွံ့ထိတ်လန့်နေသော မိတ်ဆွေကို အားကိုးရာဖြစ်၏။
    - အကူညီလိုအပ်၍တောင်းသောအခါ တောင်းခံသည်ထက် အဆတိုးကာ
       ထောက်ပံ့ကူညီတတ်၏။

၂ - အကြင်သူသည် မိမိဘ၀ မြင့်မားနေသောအခါဖြစ်စေ၊ နိမ့်ပါးနေသောအခါဖြစ်စေ
     မိမိနှင့် မခွဲအတူ ရပ်တည်ပေးသော စိတ်ရင်းကောင်းရှိခြင်း။
     (သမာနသုခဒုက္ခမိတ်ဆွေ)
     - လျို့ဝှက်အပ်သည့် အမှုကိစ္စတို့ကို ပြောကြား၏။
    - ထိုလျှိ့ဝှက်အပ်သည့် အမူကိစ္စကို မပေါက်မကြား လျှိုဝှက်ပေး၏။
    - ဘေးရန်ဖြစ်ပေါ်လာလျှင် ရှောင်ခွာမသွားပဲ အတူရပ်တည်ကူညီဖြေရှင်းပေး၏။
    - မိတ်ဆွေအတွက် အသက်ကိုပင်သော်လည်း စွန့်လွှတ်အနစ်နာခံနိုင်၏။

၃ - အကြင်သူသည် မိမိ၏ ကောင်းကျိုးစီးပွားကို လမ်းညွှန်ပြောကြားတတ်သော စိတ်ရင်း
     ကောင်းရှိခြင်း။ ( အတ္ထက္ခယီမိတ်ဆွေ )
       - မကောင်းမှုတို့မှ တားမြစ်ပယ်ရှားတတ်၏။
      - ကောင်းမှုတို့၌ သက်ဝင်စေ၍ ပြုကျင့်ရန် တိုက်တွန်းတတ်၏။
      - မိမိမသိသေးသော ကောင်းမြတ်သော တရားစကားကို ပြောကြားတတ်၏။
      - ဘ၀အဆင့်တန်းမြင့်မားစေကြောင်း( နတ်ပြည်ရောက်ကြောင်း )
           အကျင့်ကောင်းလမ်းစဉ်ကို ပြောကြားညွှန်ကြားတတ်၏။

၎ - အကြင်သူသည် အစဉ်သနားငဲ့ညှာတတ်သော စိတ်ရင်းကောင်းရှိခြင်း။
     (အနုကမ္ပကမိတ်ဆွေ)
      - မိတ်ဆွေ၏ ပျက်ဆီးဆုတ်ယုတ်ခြင်းကို မနှစ်သက်။
     - မိတ်ဆွေ၏ တိုးတက်ကြီးပွားခြင်းကို နှစ်သက်၏။

Thursday, 16 February 2012

အတ္တကြီးတဲ့ ပန်းတစ်ပွင့် (သို့မဟုတ်) နာဆစ်ဆပ်

(၂၈.၁၁.၂၀၁၁) မနက်ပိုင်း (၇)နာရီ မမဟနစံနဲ့ လှည်းတန်းမှာချိန်း၊ ပြီးတော့ မြောက်ဒဂုံက တိက္ခာရာမ ကျောင်းစာသင်တိုက်မှာ ပဋ္ဌာန်းပွဲအတွက် အလှူသွားလှူ။ အင်း ပြီးတော့ ရုံးကို ပြန်လာတာ ၁၀နာရီမှာ ရုံးရောက်တာပဲ။ ရောက်ရောက်ချင်း ရေးပြီးသား ပုံပြင်ကလေးကို တင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ပြောချင်တဲ့အကြောင်း….. နာဆစ်ဆပ်။

ဂရိနတ်ဘုရားတွေနဲ့ လူသားတွေရဲ့ ပတ်သက်မှုအပေါ်မှာ အခြေခံထားပါတယ်။ လူသားကိုမှ ချစ်မိတဲ့ နတ်ဘုရားမလှလှလေးတစ်ပါး ဒုက္ခရောက်ရတဲ့ အကြောင်းပေါ့ဗျာ။ အချစ်ကလူတိုင်းနဲ့ သက်ဆိုင်သလို အရာအားလုံးဟာလဲ အချစ်ပေါ်မူတည်ပြီး ပြောင်းလဲ တတ်ကြတယ်။ ဒီနေ့တော့ ကျွန်တော့ပုံပြင်လေးက အချစ်နဲ့ပတ်သက်ပြီး ဆင့်ကဲဖြစ်လာတဲ့ အမုန်းတွေ၊ ရန်ငြိုးတွေ၊ ကျိန်စာတွေရယ်၊ အလွမ်းတွေ အကုန်လုံးကို ဒီပုံပြင်လေးမှာ တွေ့ရမှာဖြစ်ပါတယ်။

          ပုံပြင်လေးရဲ့ အစကတော့ Echo ဆိုတဲ့ နတ်ကညာမလေးပါ။ သူက တောင်စောင့် နတ်ဘုရားမလေးပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ အကကောင်း၊ အဆိုကောင်းပြီး လူတိုင်း၊ နတ်ဘုရားတိုင်းရဲ့ အချစ်ကို ပိုင်ဆိုင်ထားနိုင်သူလေး ဖြစ်ပါတယ်။ တောင်စောင့်နတ်ဘုရားမလေးဟာ လူချစ်လူခင် ပေါများပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူလေးတစ်ယောက်ပေါ့ဗျာ။ သူ့သခင်မကတော့ အာဖရိုဒိုက်ပါ။ အာဖရိုဒိုက်မှာ နောက်ထပ် လူသိများတဲ့ အမည်တစ်ခုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဗီးနပ်စ် တဲ့။ အချစ်နတ်ဘုရားမဟာ လှပသလောက် တစ်ခါတစ်ခါ ကြောက်စရာကောင်းတဲ့ စိတ်နေသဘောထားပိုင်ရှင်ပါ။ ဒါပေမယ့် သူက သူ့ကို ပျော်ရွှင်စေတဲ့ Echo ကို အရမ်းကိုချစ်ပြီး Echo အတွက်ဆိုရင် ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ရှိသူတစ်ဦးဆိုရင် မမှားပါဘူး။ ဒါကတော့ ကျွန်တော်တို့ ဇာတ်လိုက်မင်းသမီးလေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေပေါ့။အဲ့ဒီလို Echo ကသူစောင့်ကြပ်ရတဲ့ တောအုပ်ကလေးထဲမှာနေပြီး သူ့ပတ်ဝန်းကျင်ကို ပျော်ရွှင်အောင် ဖန်တီးပေးရင်း နေ့ရက်တွေကို ကုန်လွန်ခဲ့တာပေါ့။

          အဲဒီအချိန်တစ်ပြိုင်နက်ထဲမှာပဲ ဂရိနယ်မြေထဲမှာ အရမ်းကိုချောမော၊အရည်အချင်းရှိလွန်းတဲ့ ကောင်လေး တစ်ယောက်လဲ နေထိုင်ခဲ့ပါတယ်။ သူ့ကို ဘုရင့်သမီးတော်ကစလို့ ဂရိပျိုဖြူတိုင်းက နှစ်သက်ပြီး တိတ်တခိုး စိတ်ဝင်စားနေကြတာပါဘဲ။ ကိုရွှေမင်းသားကတော့ ဘယ်မိန်းမချောကိုမှ စိတ်မ၀င်စားပါဘူးတဲ့။ သူ့နာမည် ကတော့ နာဆစ်ဆပ်လေ။ နာဆစ်ဆပ် နောက်မှာလဲ သွားတဲ့နေရာတိုင်း မိန်းကလေးတွေက ၀ိုင်းဝိုင်းလည် လို့။ ကြာတော့ ဘယ်သူ့ကိုမှ မချစ်တတ်တဲ့ နာဆစ်ဆပ် တစ်ယောက် စိတ်ညစ်လာရတာပေါ့။ သူက မိန်းမတွေ ကိုလည်း စိတ်မ၀င်စား၊ သူ့ကိုကျတော့လည်း မိန်းမတိုင်းက ကြိုက်လိုက်ကြတာ ကြာတော့ သူတော်တော် စိတ်ညစ်ပြီး တောတောင်ထဲသွားနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

Wednesday, 15 February 2012

စီးကရက်နံ့

ဖြတ်မရအောင် သူ ဆေးလိပ်စွဲနေတာ ကြာပြီ။ ဆေးလိပ်နံ့ မကြိုက်တဲ့ သူမကြောင့် ဆေးလိပ်ကို သူခိုးခိုးသောက်နေရတယ်။ ဒါကို သူမ သိလည်း မသိသလိုနေတတ်တယ်။ တစ်ခါတလေ ကြည့်မရရင်တော့ သူမရဲ့ အဆူကို သူခံရတတ်တယ်။

“ဆေးလိပ်သောက်လို့ ကောင်းလား” မျက်မှောင်ကြုတ်ပြီး သူမ အမြဲမေးတတ်တယ်။

“မကောင်းဘူး။ ဒါပေမဲ့ မသောက်ရရင် မနေနိုင်ဘူး”

“ကျွန်မနဲ့ဆေးလိပ် ဘယ်အရာကို ရွေးမလဲ”

“နှစ်ခုစလုံးယူမယ်။ ကျွန်တော့်အပေါ် မကောင်းမှန်းသိတယ်။ ဒါပေမဲ့ မချစ်ဘဲလည်း မနေနိုင်သလို မသောက်ဘဲလည်း မနေနိုင်ဘူး”

သူမနဲ့သိစက သူဒီထက်အသောက်ကြမ်းတယ်။ အားနေရင် သူ့လက်ခလယ်နဲ့ လက်ညှိုးကြားမှာ ဆေးလိပ်တစ်လိပ် အမြဲရှိနေတတ်တယ်။ မိုးလင်းပေါက် အလုပ်လုပ်ရတဲ့ညဆို ဘယ်ပြောကောင်းမလဲ ဆေးလိပ်သောက်ပွဲ ကျင်းပနေလားလို့ထင်ရတယ်။ ဆေးလိပ်နံ့ကြောင့် သူမကို ချောင်းတွေဆိုးစေခဲ့တယ်။ သူမနဲ့ အတူနေပြီးနောက်ပိုင်း သူအသောက် နည်းနည်းလျှော့လာခဲ့တယ်။

ပျော်ပွဲရွှင်ပွဲ တစ်ခုခုလုပ်ပြီးဆိုရင် အမြဲတမ်း ပွဲတစ်ဝက်ကနေ သူမ မသိအောင် အိမ်သာမှာ သူဆေးလိပ် သွားခိုးသောက်တတ်တယ်။ ဒါပေမဲ့ သူ့ကိုယ်ပေါ် စွဲကပ်လာတဲ့ဆေးလိပ်နံ့က သူမကို အသိပေးသလိုဖြစ်နေတယ်။ ဒါမှမဟုတ် သူနဲ့သူမ ကြည်နူးနေတဲ့အချိန်၊ ရိုမန်တစ် ဖြစ်နေတဲ့အချိန်၊ သူ့ရင်ခွင်ကြားထဲ သူမ တိုးဝင်တဲ့အချိန် သူ့ကိုယ်ပေါ်က ဆေးလိပ်နံ့ရရင် သူမ စကားလုံးဝမပြောတော့ဘူး။ သူမ စိတ်ကောက်တဲ့ သွေးအေးစစ်ပွဲက ရက်အတော်ကြာတတ်တယ်။

“ဘာလို့ တိတ်ဆိတ်နေရတာလဲ!”

“ဆေးလိပ်သောက်ခဲ့တယ် မဟုတ်လား”

“သောက်.. သောက်.. တယ်” လျှာခလုတ်တိုက်ပြီး သူပြန်ဖြေတော့ ချက်ချင်းပဲ သူ့ကိုတွန်းထုတ်ပြီး တစ်ဖက်ကို သူမ ကျောပေးထိုင်နေလိုက်တယ်။

“တစ်လိပ်ထဲပါ.. မလိမ်ပါဘူး”

“ကျွန်မအတွက် ရှင် အဲဒီတစ်လိပ်လေးဆိုတာကို မဖြတ်ပေးနိုင်ဘူးလား!”

ကြည်နူးဖို့ ပြင်နေဆဲ သူမစိတ်တိုတော့ မျှော်လင့်ချက်ပျက်ပြီပေါ့။

“ဆေးလိပ်ဖြတ်ဖို့ အချိန်လေး ပေးပါဦးလားကွာ”

“ကျွန်မက ရှင့်အတွက်ပြောနေတာ။ ဒါကိုရှင်သိလား”

သူနဲ့ချစ်ခဲ့တဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပင်လယ်ကမ်းစပ်တစ်ခုကို သူတို့ သွားလည်ကြတယ်။ ကားပေါ်အတက် ကားကူရှင်ပေါ်က ဆေးလိပ်ဘူးကို သူမမြင်သွားတယ်။ သူနဲ့အတူ ဆေးလိပ်ဘူးက အမြဲရှိနေတတ်တာ ဆန်းတော့မဆန်းဘူး။ သူမ စိတ်မဆိုးဘူး။ ဒါပေမဲ့ နှုတ်ခမ်းဆူပြီး ဆေးလိပ်ဘူးကို သိမ်းသွားတယ်။ သူမစိတ်ဆိုးပြီး အစီအစဉ် ပျက်သွားမှာစိုးလို့ တစ်နေ့လုံး ဆေးလိပ်မသောက်ဘဲ သူမအလိုကို သူလိုက်လျှောနေခဲ့တယ်။ ညနေ သူမကို အိမ်ပြန်ပို့တော့ သူ့အတွက် ဆေးလိပ်တစ်လိပ် ထုတ်ပေးတယ်။

အချစ်တဲ့လား...

Tuesday, 7 February 2012

မငိုသောကြယ်

ကောင်းကင်ကြီးက တိမ်မည်းညိုတွေကို သယ်ဆောင်လာပြီး မိုးစက်တွေ အဖြစ် ဖန်ဆင်းကာ ညစ်ပတ်နေသည့် ကမ္ဘာလောကကြီးကို ဆေးကြောလေသည်။ ကျွန်မတို့ အိမ်ခေါင်မိုးပေါ်က ဖုန်မှုန့်တွေ၊ သစ်ရွက်တွေပေါ်က ဖုန်တွေက မိခင် ကမ္ဘာမြေကြီးနှင့် တစ်သားတည်း ပြန်ဖြစ်ခွင့် ရသွားသည်။ မိုးရွာလျှင် ပွင့်တတ်သည့် ပိတောက်တွေလည်း သင်္ကြန်ကာလကတည်းက ပွင့်ခဲ့ပြီ။ ပုန်းညက်ပန်းတွေလည်း ပွင့်နေလေပြီ။ သိဟ်ရာသီ ၀ါခေါင်မိုးနှင့် အတူ ခတ္တာပန်းတွေလည်း ပွင့်ဦးမည်။ မိုးကျပြီဆို နှင်းဆီရိုင်းတွေက နာမည်နှင့်လိုက်အောင် အပြိုင်းအရိုင်း အဖူးအပွင့်တွေ ဝေေ၀ဆာဆာ။ ရင်အေးစေတဲ့ ရနံ့လေးက တစ်ခြံလုံး ပျံ့နှံ့နေ။ အဲသည် သဘာဝ အလှတွေက အရင်တုန်းကဆို ကျွန်မရင်ကို ကြည်နူးစေခဲ့တာလေ။ ခု ကျွန်မ မပျော်ရွှင်နိုင်ဘူး ဖြစ်နေသည်။ ကျွန်မ ယောင်္ကျားကို ကျွန်မ သိပ်မုန်းနေသည်။ စိတ်ရှိလက်ရှိ ထုရိုက်ပစ်ချင်နေသည်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မကို ရအောင် လက်ထပ်ယူခဲ့လို့ပဲ။ သူ သိပ်ချစ်တဲ့ မိန်းမတစ်ယောက် ရှိခဲ့ကြောင်း ကျွန်မ မသိခင်တုန်းကတော့ သူ့အပြုအမူတွေက ကျွန်မကို သိပ်ချစ်နေသလိုပဲ။ သမီးလေးနဲ့ သားလေး တစ်ယောက်ရလာတဲ့ အထိ အိမ်ထောင်သက်တမ်း ရှည်လာတဲ့ အခါကျတော့ သူ ကျွန်မကို ချစ်ပြနေတဲ့ အမူအရာတွေ ကြားမှာ အက်ကြောင်းတွေ မြင်လာရပြီ။

အားသည့်ရက်၊ နားသည့်ရက်နှင့် မီးလာချိန် တိုက်ဆိုင်လျှင် သူဖွင့်တတ်သည့် သီချင်းက ခင်မောင်တိုး၏ လွမ်း လွမ်းxxxxရင်ထဲရှိတဲ့ အတိတ်ကို လွမ်းxxxxလွမ်း xxxxxရင်ထဲရှိတဲ့ ဒီဇာတ်လမ်း xxxxနွေရာသီကြွေxxxxမြေပေါ်ပြေးလွှားလို့ လွင့်နေစဉ်မှာ xxxxသူ့တစ်ယောက်ကို သတိတရနဲ့ xxxxတမ်းတလို့ လွမ်းမိတယ်လေ___ဟိုစဉ်အချိန် နွေအခါ___သူရယ်တို့ နှစ်ဦး ရင်းနှီးလို့___ပညာရှာရင်းနဲ့ ___ကျောင်းကြီးရဲ့ အရိပ် အောက်မှာ___ချစ်ကြသူတွေ အဖြစ်ရောက်ရှိခဲ့ကြတယ် ___သိပ်ချစ်သူတွေလို့ အများက သတ်မှတ်ခဲ့ကြ တယ်___ငယ်စဉ် ဟိုတစ်ချိန် က ___တို့ဘ၀ရဲ့အတိတ် ဒီဇာတ်လမ်း___”

ကျွန်မ ကျောင်းမှာက အတိတ် ဇာတ်လမ်း မရှိခဲ့သူမို့ ဒီသီချင်းကို သိပ်မကြိုက်လှပေ။ ကျွန်မ ဒုတိယနှစ်မှာပဲ ကျောင်းပြီးထားတာ ကြာပြီ ဖြစ်တဲ့ သူနဲ့ လက်ထပ်ခဲ့တာလေ။ ကျွန်မရဲ့ ကျောင်းသူ ဘ၀လေးက သက်တမ်း တိုလှသည်။ ပထမတော့ သွေးရိုး သားရိုး သီချင်းနားထောင် တယ်လို့ ထင်မိတာ။ ခဏ ခဏ Repeat လုပ်ပြီး ဖွင့်နေတာက တစ်မျိုး၊ မီးမလာလို့ စီဒီစက်နဲ့ မဖွင့်နိုင်ရင်တောင် ဂစ်တာနဲ့ တီးနေတာက တစ် ကြောင်းကြောင့် သူ့ရင်ထဲကို ရှင်းခနဲ မြင်ခွင့်ရလိုက်တာလေ။ အသက် ၄၀ ကျော် ကလေး နှစ်ယောက်အဖေက ဒီလောက်တောင် အချစ်ဦးကို တမ်းတ နေစရာလား။ သမီးနဲ့သား နေရာက နေပြီး ၀င်ခံစားကြည့် တော့လည်း ရှက်မိသည်။ ကျွန်မလေ ဆရာမကြီး ခင်နှင်းယုရဲ့ မြကြာဖြူ ၀တ္ထုကြီး ထဲက ဒေါက်တာ လင်းရွှေအောင် သေခါနီးမှာ ကလေး နှစ်ယောက်ရအောင် ပေါင်းသင်း လာခဲ့သည့် ဇနီးဝတ္တရားလည်း မပျက်ကွက်ပါသော မြကြာ ဖြူ (ရှယ်လီ)ကို မတမ်းတဘဲ သူများ ဇနီးဖြစ်နေပြီ ဖြစ်သော အချစ်ဦး တူးတူးကို တမ်းတသည့် အခါ

Template by:
Free Blog Templates