ဒို့ကို အွန်လိုင်းမှာ မတွေ့ရင် မချစ်ဘူးလို့ မထင်နဲ့ဦး။ အဲဒီမှာဒို့မရှိလည်း တို့စိတ်ထဲမှာ မင်းအမြဲရှိတာပဲ......။ သူဒီလိုစကားတိုးတိုးလေး ပြောလျှင် အလွန်ချစ်စရာကောင်းပါသည်။ ဖြစ်နိုင်ရင်ဧရာဝတီဘေးက ကမ်းနား အကြော်ဆိုင်မှာ သင်္ဘောတွေဆီက ဥသြသံ ကျောပေးရင်းနက်စ်ကော်ဖီတစ်ခွက် သူ့အား ဖျော်တိုက်ချင်ပါသည်။ ကျွန်မ၏အခန်းကျဉ်းလေးထဲမှာ ရေဒီယိုမှ လွှင့်နေသော `` မင်းမရှိတဲ့နောက်´´သီချင်းမှလွဲ ၍ အရာရာဟာ ထိတ်လန့်ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်နေကြောင်း
ဘယ်သူ့ကိုမှ ပြောပြမနေချင်တော့ပါ။ ဘာပဲဖြစ်ဖြစ် အဲဒီသီချင်းဆုံးလျှင်အလွမ်းများနဲ့ ခဏလောက် ယစ်မူးပါရစေ။ကျွန်မ ဘောလုံး အသင်းတွေအကြောင်းသိပ်မသိပါ။ ကစ္စပနဒီမြစ် တောင် နဲ့မြောက် တလှည့်စီ စီးဆင်းလေ့ရှိကြောင်းတော့ ကြားဖူးပါသည်။သိချင်သည်မှာချစ်ခြင်းမေတ္တာကရော ဒီလိုပဲ တောင်လိုလို မြောက်လိုလို တွေ့ရာအရပ်စီးဆင်းတတ်ပါသလား။ ကျွန်မချစ်သောသူသည် ကျွန်မလို မေရှင်သီချင်း ကြိုက်ရန်လိုမလို လက်ရှိအသက်အရွယ်အရ မဝေခွဲတတ်ပါ။ ခုနက၀င်လာတာ oversea call လေသိတယ်မလား....သူက သိပ်ဂရုစိုက်တတ်တော့ ဒီလိုပဲ မကြာခဏခေါ်နေတော့တာပဲ...ဟဲ ဟဲ..။
သြော်...အင်း။ ဖုန်းထဲမှာ ဘာ ဘာသာစကားနဲ့ ပြောကြသလဲမမေးဖြစ်ပါ။
သူတို့ရဲ့ဘာသာစကားတူညီဖို့သာ အဓိက မဟုတ်ပါလား။ လေတစ်ချက်
မဝှေ့ပဲ ဧကရာဇ် တစ်ပွင့် ဖြုတ်ခနဲ ကြွေသွားတာဖွင့်မထားသောမှန်ပြတင်း မှ ရုတ်တရက် တွေ့လိုက်ရသည် ဟု ရေးလျှင်သဒ္ဒါအနည်းငယ် မှား ယွင်း နေမည်မှာ သေချာပါသည်။
တခါတရံမနာလိုဝန်တိုခြင်းသည် စကားပြေမဆန်ပဲ မော်ဒန်ကဗျာဆန်ဆန်နားလည်ရခက်နေတတ်ပါသည်။ နက်စ်ကော်ဖီအစားကျစိမ့်တစ်ခွက်မှာသောက်ခြင်းဖြင့်အလွမ်းများကိုလမ်းလွဲဖို့လိုနေကြောင်း တွေးနေမိသည်မှာသိပ်မကြာသေးပါ။
မနာလိုဝန်တိုမှု၊တားဆီးလို့မနိုင်တဲ့အလွမ်း၊တစ်ကြိမ်တစ်ခါသာချစ်ခြင်းမှာမှားယွင်းခွင့်ရပါစေ မောင်ချောနွယ်ကဲ့သို့ ကမ္ဘာကြီးကိုကျေးဇူးတင်ချင်ပါသည်။
ချစ်သောသူ တမ်းတသတိရခြင်းကအရာရာမှာကပ်ငြိခိုဝင်နေတာဟာဖြင့် အလွန်ပင် ၀မ်းနည်းစရာကောင်းပါသည်။ခရမ်းရောင် စတပ်ပလာ။ အနီရင့်ရောင် နှုတ်ခမ်းနီ။ စိမ်းပြာရောင်အားကစားဝတ်စုံ။ မိုးကောင်းကင်ရောင် သွားပွတ်တံ။ အ၀ါနုရောင်ကဗျာစာအုပ်။ ပတ်ဝန်းကျင်တွင် အမှတ်ထင်ထင်ရှိနေသော အရောင်ပေါင်းစုံသည်လွမ်းဆွတ်မှုကို အလိုက်မသိ အားပေးအားမြှောက်ပြုနေတတ်သည်။ မကြာသေးခင်ကပန်းနုရောင်ကဗျာတစ်ပုဒ် ချစ်သောသူအားရေးဖွဲ့ပေးခြင်းဖြင့် သတိရခြင်းကိုရည်ရွယ်ချက်မရှိ ဇာတ်ရှိန်မြင့်ခဲ့မိသေးသည်။
အရှင်ဘုရား....တပည့်တော်မအား...မေတ္တာဖြင့်....အရာရာအတွက်....ခွင့်လွတ်တော်မူပါ.....။
သူ့အသံသည် ကျွန်မရင်သို့ ပါရမီရှင် တစ်ယောက်၏လက်နှင့်ထိတွေ့ခွင့်ရသော classical guitar တစ်လက်ကဲ့သို့ မြည်၏။ထိုဝါကျ အလွန်အမင်း ကဗျာဆန်နေသောကြောင့် သင်္ကမကင်းဖြစ်မိသည်ကို ၀န်ခံပါသည်။မနေ့ညကအိပ်မပျော်၍ ကြည့်ခဲ့ရသော North Country ဇာတ်ကားမှ မင်းသမီး၏
ဆံပင်ပုံစံမျိုး ထားကြည့်ချင်နေကြောင်း သူ့ကိုပြောလျှင်ဘာပြန်ပြောမည်ထင်ပါသလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မ သူနှင့်အတူ ဘဲလေး ဒေါ်နယ်ဒတ်အတူကြည့်၍ ဘ၀ကို ရယ်မောပျော်ရွှင်ပစ်ချင်လှသည်။ တစ်နေ့တော့ ကိုယ်မင်းအတွက်တစ်ကြောင်းဆွဲပုံတူလေးတစ်ခု ဆွဲပေးနိုင်စေရမယ်လို့ ပြောခဲ့မိခြင်းကို
ကြိုးမဲ့ချည်နှောင်ခြင်းဖြစ်သည်ဟု တစ်ဆိတ်လောက် မပြောကြပါနဲ့လား။ ရင်၌ဖြစ်သော ချစ်ခြင်းအား သိုသိပ်ဖုံးကွယ်ဖို့ ကြိုးစားရခြင်းသည်နာကျင်ဖွယ်ရာဟု မတွေးမိစေဖို့ မသေချာပါ။ ဤလောက၌ ပင်လယ်
သမုဒ္ဒရာများပျောက်ကွယ်၍ ချောင်းကောလေးများသာ တည်ရှိလျှင်ဘယ်လောက်ကောင်းပါမည်လဲ။ ပင် လယ် ကြီး ကိုယ် ဖြတ် သန်း အ ကျင် နာ ခွန် အားတွေ ။ ကိုမျိုးကျော့ ရှင်ဘယ်ဘ၀ထိ ဒီလိုသီချင်းတွေနဲ့ ကျွန်မတို့ကိုနူးနူးညံ့ညံ့ နှိပ်စက်နေဦးမှာလဲ။ ကိုးပေပတ်လည်ကျယ်သောအခန်း၏မျက်နှာကျက်၌ ၀ပ်အား တစ်ရာတိတိရှိသောမီးသီးတစ်လုံးချိတ်ဆွဲတပ်ဆင်ထားသည်။ မလိုအပ်ပဲ စွမ်းအင်သုံးရန်
ပျင်းသောကြောင့် ထိုမီးသီး လင်းမနေပါ။ တစ်ဖွဲဖွဲကြွေကျနေသောသတိရခြင်းများကို ပြတ်ပြတ်သားသား မြင်နိုင်အောင် အခန်းတွင်း၌ အလင်းရောင်
လုံလောက်ပါသည်။ ဒီတစ်ကြောင်း ရေးပြီးလျှင် ဧရာဝတီဘက်သို့တစ်ခေါက်သွားချင်သည်။ ပြီလျှင် ကျွန်မ သူ့ကို သိပ် xxxxxxx ကြောင်းဧရာဝတီကို တိုးတိုးတိတ်တိတ် ပြောပြရဦးမည်။
မာနွယ်အေး
Thursday, 19 January 2012
Subscribe to:
Post Comments (Atom)
သူ့ကို သိပ် xxxxxxx ကြောင်းဧရာဝတီကို တိုးတိုးတိတ်တိတ် ပြောပြရဦးမည်-----
ReplyDeletexxxxxxx ဟီးအဲတာ ဘူလေးလဲ ပြောပြ
ဖတ်ခဲ့ပြီနော်.....