Saturday, 7 January 2012
နှင်း
နှင်းဖွဲဖွဲအောက်တွင် ရှင်နှင့် ကျွန်မ မြစ်ကူးပေါင်းမိုးတံတားကြီးပေါ်မှာ အတူလမ်းလျှောက်ခဲ့ကြသော ဇန်န၀ါရီနံနက်ခင်းတစ်ခုကို သတိရမိသည်။ အပေါ်ယံမှာ ရေခဲနေသော မြစ်ကို တံတားအုတ်လက်ရန်းဘောင်မှ ငုံ့ ကြည့်ရင်း အဲသည် ရေခဲလွှာပေါ်မှာ လမ်းလျှောက်ချင်စိတ်ဖြင့် အသည်းယားနေသော ကျွန်မကို ရှင် ရယ်မောခဲ့ပါသည်။
" အဲဒီ ရေခဲလွှာက ပါးပါးလေးကွ၊ မင်း ကိုယ်အလေးချိန်ကို မခံနိုင်သေးဘူး၊ အဲဒီအပေါ် မင်း မတ်တတ်ရပ်လိုက်တာနဲ့  ရေခဲလွှာလေး ကွဲအက်ပြီး မင်းတစ်ကိုယ်လုံး ရေခဲရေထဲ နစ်သွားမှာပေါ့ "
" နစ်ချင်မှလည်း နစ်မှာပေါ့ "
ဘာကြောင့်များ ကျွန်မ ရှင်နှင့် အတိုက်အခံလုပ်ခဲ့မိမှန်း မသိပါ။ အဲသည်စကားကို ပြောနေခဲ့တုန်းက ကျွန်မ ပြုံးစစမျက်နှာပေး ရှိနေခဲ့လိမ့်မည်ဆိုတာတော့ သေချာပါသည်။ သို့ သော် ရှင်ကတော့ ကျွန်မ စ, နောက်လိုက်သည်ဟု ခံစားမိပုံ မပေါ်ခဲ့ပါ။
" စမ်းကြည့်ချင်သလား.....ဟုတ်လား "
ရှင်၏ ခပ်တည်တည်မျက်နှာထားက ကျွန်မ၏ မခံချင်စိတ်ကို ဆွပေးလိုက်သလို ရှိသည်။
တကယ်တော့ မြစ်ကမ်းဘေးက ထိုင်ခုံတန်းလျားလေးမှာပဲ ကျွန်မတို့ နှစ်ယောက် အတူထိုင်ခဲ့ကြဖို့  ကောင်းသည်။ ထိုင်ခုံပျဉ်ခင်းပေါ်မှာ နှင်းရေဖြင့် စိုရွှဲနေစေဦးတော့၊ ကျွန်မကသာ ထိုင်ချင်သည်ဆိုလျှင် ရှင်က အပေါ်ဝတ် နှင်းကာအင်္ကျီကိုချွတ်ပြီး ခုံပေါ်မှာ ဖြန့် ခင်းပေးကောင်း ပေးပါလိမ့်မည်။ ပြီးဆုံးသွားခဲ့သော ကာလများ၏ တကယ်မပြုလုပ်ဖြစ်ခဲ့သောအကြောင်းအရာကို “ အကယ်၍ ” ဆိုသော စကားလုံးဖြင့် ပြန်လည်မှန်းဆကြည့်ရတာ ရင်နာစရာကောင်းပါသည်။
မြစ်ကမ်းဘေးက မြက်ခြောက်အစပ်မှာ မတ်တတ်ရပ်ရင်း ကျွန်မ၏ ခြေတစ်ဖက်ကို မြစ်အပေါ်ယံ ရေခဲလွှာပြင်ပေါ်သို့  မရဲတရဲ ချကြည့်လိုက်ချိန်တွင် ရှင်သည် လက်နှစ်ဖက် တင်းတင်းပိုက်ကာ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့သည်။ ရှင့်မျက်နှာထားကို ကျွန်မ မကြိုက်ပါ။ ကလေးဆိုးတစ်ယောက်ကို မှတ်လောက် သားလောက် ဒုက္ခတွေ့ စမ်းပါစေ ... ဟူသော မျက်နှာထားမျိုး ဖြစ်သည်။ အလိုလိုက်သော မောင်တစ်ယောက်၏ ချစ်ခင်မြတ်နိုးစွာ အလျှော့ပေးလိုက်သော၊ ဒုက္ခဖြစ်လျှင်တော့ ကယ်တင်နိုင်ရန် အဆင်သင့်စောင့်နေသော အပြုံးမျိုး ရှင်ဘာကြောင့် မပြုံးနိုင်ခဲ့ရတာလဲ။ ကျွန်မ ရေမကူးတတ်မှန်းလည်း ရှင် ကောင်းကောင်းသိခဲ့သည်။ ဤ မြစ်သည် လူ့ အရပ်သုံးပြန်စာလောက် နက်ရှိုင်းသည်ဟုလည်း မကြာမီကပဲ ရှင် ပြောထားခဲ့သည်။ ကျွန်မ ရေနစ်မသွားနိုင်ပေဘူးလား။ ကျွန်မ ရေနစ်သွားခဲ့လျှင် ရှင် ဆယ်မည် မဆယ်မည် မသေချာသော်လည်း ရှင် မဆယ်နိုင်မီမှာပင် အအေးဒဏ်ကြောင့် ကျွန်မ သေသွားနိုင်ခဲ့ပါသည်။
တံတားအောက်ခြေ အုတ်တိုင်ကြီးကို အားပြုဖက်တွယ်လျက် ရေခဲလွှာပေါ်သို့  ချထားပြီးသား ခြေတစ်ဖက်ကို ဖိနင်းလိုက်သည်။ ခြေတစ်ဖက်၏ ခပ်ဖိဖိအလေးချိန်ကို ရေခဲလွှာက ကောင်းကောင်းခံနိုင်သားပဲ။ သို့ သော် ခြေနှစ်ဖက်လုံး စုံရပ်ကြည့်ဖို့ ဖြင့် ကျွန်မ မ၀ံ့ရဲပါ။ တစ်နည်းအားဖြင့် ရှင့်ရှေ့ မှောက်မှာ ကျွန်မ အရှက်ကွဲ မခံသင့်ပါ။
ရှေ့ ဆက်လည်း မနင်းရဲ။ လက်လျှော့ကာ နောက်သို့ လည်း ပြန်မဆုတ်ချင်။ အုတ်တိုင်ကြီးကို ဖက်လျက် ကြာမြင့်စွာ တွေတွေကြီး မှီရပ်နေခဲ့သည် ကျွန်မပုံစံကို ကျွန်မမြင်ယောင်ကြည့်မိသည်။ ဒဏ်ပေးခံရသော ကလေးလေး တစ်ယောက်လို ဖြစ်နေခဲ့ပါလိမ့်မည်။ နောက်ဘက် ခပ်လှမ်းလှမ်းမှာ ရှင်က လက်ပိုက် မတ်တတ်ရပ်လျက် ကျွန်မက အုတ်တိုင်ကို မှီကပ်ပြီး မြစ်ကမ်းပေါ်မှာ ခြေတစ်ဖက်၊ ရေခဲပြင်ပေါ်မှာ ခြေတစ်ဖက် ထောက်ကာ မတ်တတ်ရပ်လျက်။ အဲသည်ပုံစံသည် တစ်ယောက်ကို တစ်ယောက် အရူးအမူး ချစ်နေခဲ့ကြသည့် ချစ်သူနှစ်ဦးပုံစံတော့ဖြင့် မဟုတ်နိုင်ပါ။
အဲသည့်အတိုင်း ဘယ်လောက်ကြာအောင် ဆက်လက်ပေကတ် နေနိုင်ကြပါ့မလဲဟု ကျွန်မ စိတ်ပူမိခဲ့သည်။ ရှင့်ဆီကို ကျွန်မ လှည့်ပြန်လိုက်ရလျှင် ကောင်းမလား၊ ကျွန်မဆီသို့  ရှင် တိုးကပ်လာက လက်တွဲလေမလား။ တစ်ယောက်ယောက်ကတော့ စတင်လှုပ်ရှားဖို့  လိုလိမ့်မည်။ ကျွန်မကပဲ အရှုံးပေးလိုက်ပါတော့မည် .... ဟူသည့်ဆုံးဖြတ်ချက်ဖြင့် ခြေလှမ်းပြန်ဆုတ်ဖို့  အားယူဆဲမှာ ရှင့်အသံကို ကျွန်မ ကြားရသည်။
“ ကဲ ... ကဲ ... တော်လောက်ပြီ ”
စိတ်မရှည်နိုင်တော့သော လူကြီးတစ်ယောက်၏ အသံမျိုးဖြင့် ရှင် ပြောခဲ့တာ သည်စကားတစ်ခွန်းပါပဲ။
ကျွန်မ ကပျာကယာ ပြန်လှည့်လာရသော်လည်း မျက်နှာကိုတော့ မြေပြင်ရှိရာသို့  ငုံ့ နေစေခဲ့သည်။ ရှင်က ကျွန်မကို လက်မကမ်းခဲ့ပါ။ ထို့ ကြောင့် ကျွန်မ ရှင့်ကို မမှီတွယ်ခဲ့ရပါ။
အကယ်၍သာ ... “ မင်း ဘာဖြစ်လို့  ဒီလောက်ရူးရတာလဲ ” ဟု တစ်ခွန်းလောက် ရှင်က အပြစ်ဆိုခဲ့လျှင် ကျွန်မတို့   သည့်ထက်ပို၍ အသက်ဝင်လှုပ်ရှားသွားခဲ့မည် ထင်သည်။
“ ကျွန်မ အခုလို ရေခဲနေတဲ့ မြစ်တစ်ခုပေါ်မှာ တစ်ခါမှ ခြေမချကြည့်ဖူးလို့ ပါ ” ဟု ကျွန်မဘက်က ဖြေရှင်းနှစ်သိမ့်ခွင့် ရသွားခဲ့နိုင်ပါသည်။ ထိုစကားကြောင့် ရှင် ရယ်မောကောင်း ရယ်မောလိမ့်မည်။ နှာခေါင်းရှုံ့ ကောင်း ရှုံ့ ခဲ့လိမ့်မည်။ ထိုသို့ ဆိုလျှင် ကျွန်မတို့ နှစ်ယောက် စကားမပြောဘဲ အကြာကြီးတိတ်ဆိတ်စွာ လမ်းလျှောက်သွားနေခဲ့ရသည့်အဖြစ်လည်း ဖြစ်လာခဲ့မှာ မဟုတ်ပါ။
အခုတော့ ရှင်က အေးအေးဆေးဆေး ရှေ့ မှ လမ်းလျှောက်သွားနေခဲ့သည်။ ကျွန်မက ဘေးမကျတကျ  နောက်မကျတကျ နေရာမှ ခပ်ခွာခွာလိုက်၍ လမ်လျှောက်သွားနေခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ကျွန်မတို့ အခြေအနေနှင့် လိုက်လျောညီထွေစွာပင် အေးစက်ထိုင်းမှိုင်းနေခဲ့သည်။
ကျွန်မတို့ အနီးမှာ မြင်နေရသည်က အနက်ရောင် ကဲနေသည့် ( သစ်ရွက်သစ်ခက် ရှားပါးသော ) သစ်ကိုင်းသက်သက် သစ်ပင်များ၊ ထိုအနက်ရောင်ပေါ်မှာ တစ်ပိုင်းတစ်စ ဖုံးအုပ်လျက်၊ တစ်ဝက် တစ်ပျက် တွဲလွဲကျနေသော နှင်းပွင့် နှင်းဆုပ် ဖြူလွလွများ၊ အပင်နှင့် အဆောက်အအုံတို့ ၏ အောက်ခြေမှာ ပုံကျနေသည့် ထူထပ်သော နှင်းထုလွင်ပြင်များ၊ ကျွန်မတို့ လိုပင် စိုက်စိုက် စိုက်စိုက်နှင့် လမ်းလျှောက်နေသူ တချို့ ၏ လေးလံထိုင်းမှိုင်းဟန်ရှိသော ခပ်မည်းမည်း အပေါ်ဝတ်အင်္ကျီ ထူထူပွပွကြီးများ။ အားလုံးသည် အဖြူအမည်းနီးပါး အရောင်လျှော့ချထားသည့် ဗီဒီယိုပြကွက် မြင်ကွင်းတစ်ခုနှင့် တူနေခဲ့သည်။ ကြည့်လေရာရာမှာတော့ နူးညံ့ပွရောင်းသော ၀ါဂွမ်းစိုင်တွေလို ဖြူဖွေးနေသည့် နှင်းတွေ၊ မိုးကောင်းကင်ပေါ်က တိမ်တွေ မြေပင်ပေါ် အကုန်ဆင်းလာကြသလို ခမ်းနားလှပသော နှင်းတွေ ... ။
                                            *
နှင်းကို ကျွန်မ ချစ်သည်။
နှင်းမြူတွေ ဆိုင်းနေသည့် အပူပိုင်းဒေသက ဆောင်းနံနက်ခင်းတွေကိုလည်း ကျွန်မချစ်သည်။ ကောင်းကင်ဆီသို့  တဖွဲဖွဲလွင့်ကျလာတတ်သော နှင်းပွင့် နှင်းဖတ်ကလေးများကိုလည်း ကျွန်မ ချစ်သည်။ ယုတ်စွအဆုံး မြားသေးသေးကလေးတွေလို မျက်နှာဆီသို့  စူးခနဲ စူးခနဲ လာ၍ထိမှန်သော အေးစက်တုန်ခိုက်စေသည့် မိုးနှင်းစိုစိုများကိုပင်လျှင် ကျွန်မ ချစ်ပါသည်။
နှင်းကို ကျွန်မ ချစ်မှန်း ရှင် ကောင်းကောင်းသိခဲ့သည်။ အဲဒါကြောင့် အရှေ့ မြောက်ပိုင်းဒေသရှိ တက္ကသိုလ်မြို့ ကလေးသို့  ကျွန်မရောက်ဖူးအောင် ရှင်လိုက်ပို့ ခဲ့သည်ပဲ မဟုတ်ဘူးလား။
ပထမဦးဆုံးအကြိမ် နှင်းတွေကို လက်ခုပ်ဖြင့် ဆုပ်ယူ၍ နှင်းဘောလုံးလုပ်ကြည့်ရစဉ်က ဆိုလျှင် ဟောဒီကမ္ဘာလောကကြီးမှာ အသက်ရှင်နေထိုင်ခွင့်ရတာ အင်မတန်ထိုက်တန်တာပဲဟု ကျွန်မ ကြည့်နူးစွာပင် ကျေနပ်သွားခဲ့ရပါသည်။
ငယ်စဉ် ကလေးဘ၀တုန်းက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ သို့ မဟုတ် ရောင်စုံဓာတ်ပုံစာအုပ်ကြီးတွေထဲမှာ နှင်းတွေ ဖြူဖွေးကာ အဆုပ်လိုက် အပုံလိုက် ဖြစ်နေသည်ကို ကြည့်ရတိုင်း အသည်း တယားယားနှင့် ပျော်မိသည်။
ကြည့်စမ်း ... ၊ ဘယ်လောက်အဖိုးတန်လိုက်မယ့် နှင်းတွေလဲ၊ တုတ်ချောင်းကလေးရဲ့  ထိပ်ဖျားမှာ နှင်းတွေကို လက်ခုပ်ဖြင့် ဆုပ်ညှစ်ပြီး ရေခဲပေါက်စီများ လုပ်လိုက်ရလျှင် ဘယ်လောက် ကောင်းလိုက်လေမလဲ။ ကျွန်မတို့ ၏ မြို့ ကလေးမှာ ရေခဲပလုတ်တုတ်ကို ရေခဲပေါက်စီဟု ခေါ်ပါသည်။ တုတ်ချောင်းကလေးများ ထိပ်ဖျားတွင် ရေခဲခြစ်မွမွကလေးများကို အလုံးလိုက် စုယူဆုပ်ညှစ်၊ ထိုရေခဲဆုပ်ပေါ်သို့  အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင် အရောင်ဆိုးထားသည့် သကြားချိုရည်များကို စိုရွှဲနေအောင် ဆမ်းပေးလိုက်သောအခါ ကလေးတွေ အလွန်ကြိုက်သည့် ရေခဲပေါက်စီ ဖြစ်သွားပါသည်။ ရေခဲပေါက်စီသည်ကြီးသည် အဲသည်နှင်းတွေကိုများ မြင်လိုက်တွေ့ လိုက်ရလျှင် ဘယ်လောက် ပျော်သွားလိုက်လေမလဲ။
အကယ်တမ်း နှင်းတွေကို လက်ဖြင့် စုယူဆုပ်ကိုင်ကြည့်နိုင်သည့် အချိန်မှာတော့ ကျွန်မသည် ရေခဲပေါက်စီကို မက်မောသော ကလေးအရွယ်မှ နှစ်ပေါင်းများစွာ လွန်ခဲ့ပြီးပြီမို့  နှင်းဆုပ်ကလေးကို ကျွန်မ၏ ပါးပြင်နှင့်သာ ခပ်ဖွဖွထိထားလိုက်မိသည်။ အေးခဲ ထုံကျင်နေခဲ့ပြီးသော ပါးပြင်သည် နှင်းဆုပ်ကလေး၏ အတွေ့ ကြောင့် ပို၍ အေးစက်စူးရှသွားခဲ့လေသလား၊ ကျွန်မ မမှတ်မိတော့ပါ။ ကျွန်မ မှတ်မိသည်က ရှင့်အပြုံးသာ ဖြစ်သည်။ အဲသည်အချိန်မှာ ကျွန်မကို ကြည့်၍ သဘောကျစွာ ပြုံးလိုက်သော ရှင့်အပြုံးကို ကျွန်မ ချစ်ပါသည်။  အဲသည်အပြုံးကို ခရီးတစ်လျှောက်လုံး ကျွန်မ ရခဲ့လျှင် ဘယ်လောက်ကောင်းမလဲ ... နော်။
တကယ်တော့ ရှင်သည် နှင်းကို မနှစ်မြို့ သူဖြစ်သည်။ အင်းလေ မနှစ်မြို့ ဘူးဟု မပြောသာလျှင်တောင်မှ နှင်းကို မချစ်တာတော့ အမှန်ပါပဲ။ နှင်းကို စိတ်မရှည်နိုင်တာလား၊ နှင်းကို ချစ်သည့် ကျွန်မ အပေါ် စိတ်မရှည်နိုင်တာလား။
နှင်းပွင့်နှင်းဖတ်ကလေးတွေကို ကြည့်နေသူချင်းအတူတူ ကျွန်မ၏ အတွေးနှင့် ရှင့်အတွေးတို့ က ဘယ်တုန်းကမှ တူညီခဲ့သည်မဟုတ်။ ရောက်ရောက်ချင်း ညနေခင်းတုန်းက တစ်ထပ်ချင်း တစ်လွှာချင်း လျင်မြန်စွာ ကျဆင်းလာနေသော ပထမဆုံးနှင်းဖတ်ကလေးများကို မှန်ပြတင်းမှ လှမ်းကြည့်ကာ ကျွန်မမှာတော့ အဲသည် နှင်းကလေးတွေကို မျက်နှာမော့လျက် ခံယူချင်စိတ်ဖြင့် ရင်ခုန်နေခဲ့သည်။ ရှင်ကတော့ ညစာကို အိမ်တိုင်ရာရောက် လာပို့ ပေးဖို့  စားသောက်ဆိုင်တစ်ခုသို့  တယ်လီဖုန်းလှမ်းဆက်နေခဲ့သည်။ သဘောက ညစာ စားဖို့ ထွက်ရင်း နှင်းတွေကို ကျွန်မ မထိမကိုင်ရတော့ဘူးပေါ့။
အဲဒီတော့ ဘာဖြစ်လဲ၊ ညစာ စားအပြီးမှာ အပြင်သို့  ခဏထွက်ပြီး လမ်းလျှောက်နိုင်သားပဲ။
အဲဒီညက ဆောင်းရာသီ၏ ပထမဆုံး နှင်းပွင့်များအောက်သို့  အပြေးထွက်သွား၍ ကြိုဆိုသူမှာ ကျွန်မတစ်ယောက်တည်း ရှိခဲ့ဟန် တူပါသည်။
တဖွဲဖွဲကျလာနေသော ဖြူလွလွ နှင်းပွင့်နှင့်ဖတ်ကလေးများကို မျက်နှာမော့လျက်၊ လက်နှစ်ဖက် ဘေးသို့  ဆန့် တန်းလျက် ကျွန်မ ကြိုဆိုမိခဲ့တော့သည်။ မျက်နှာကို ဒေါင်လိုက်မျဉ်း အနေအထားမှ ဘေးတိုက် ရေပြင်ညီမျဉ်းနှင့် တစ်တန်းတည်းဖြစ်သွားအောင် မော့ပစ်လိုက်သောအခါ မြင်ရသော ကောင်းကင်နက်ပြာရောင်သည် နှင်း
ဖြူဖြူပွင့်ဖတ်များ ဖောက်ရက်ထားသော ဇာပ၀ါတစ်ခုဖြင့် ၀ိုးတ၀ါး ကားဆီးလျက်ရှိသည်။ လှပသော ဆောင်းညပန်းချီကားတစ်ချပ်မှာ ကြယ်ပွင့်လေးတွေတောင် ပါနေသေးတော့သည်။
မျက်နှာပေါ်မှာ၊ လက်ဖ၀ါးအစုံပေါ်မှာ နှင်းဖတ်ကလေးတွေ တင်လာသည်ကို အေးစက်စွာ ခံစားရင်း ပါးပြင်ဆီမှ စူးရှထုံကျင်မှုကို ခံစားရင်း ကျွန်မရင်ထဲမှာတော့ စိတ်လှုပ်ရှားမှုများစွာဖြင့် နွေးထွေးလျက်ရှိခဲ့သည်။
“ ဒီလောက် အေးခဲလှတဲ့ အပြင်ဘက်မှာ မင်းဘာလုပ်နေတယ်လို့  မင်းထင်လဲ ”
ရှင့်စကားသံက ကျွန်မနောက်မှာ ပေါ်လာသောအခါ ကျွန်မ လှည့်မကြည့်ဘဲ ရှင်ပြုံးနေသည်ကို ခံစားလိုက်ရသည်။
နောက်တော့ ကျွန်မမျက်နှာနှင့် ကောင်းကောင်ကြားမှာ ရှင့် မျက်နှာက ပိတ်ဆီးကာလိုက်ပါသည်။ နက်ပြာရောင် ကောင်းကင်ကို မမြင်ရ၊ နှင်းဇာပ၀ါကို မမြင်ရ၊ ကြယ်တွေကို မမြင်ရ။ ခဏတာကလေး။ ကျွန်မ ကြယ်ပွင့်တစ်စုံကိုတော့ မြင်နေခဲ့ရ၏။ စူးရှစွာ လင်းလက်သည့် ကြယ်ကလေးနှစ်ပွင့်ပေါ။ တကယ်ပဲ ထိုကြယ်ပွင့်ကလေးတွေ ပြုံးနေခဲ့ပါသည်။
” အထဲကို ၀င်တော့ ”
နွေးထွေးသော ရှင့်လက်များ၏ နူးညံ့စွာ ထွေးဆုပ်မှုကို လိုက်လျောရင်း ထိုကြယ်ပွင့်ကလေးတစ်စုံ၏ နောက်သို့  လိုက်သွားခဲ့သော ကျွန်မ၏ ခြေလှမ်းများ မြေနှင့် မထိခဲ့ပါ။ နွေးထွေးသော အပေါ်ဝတ် အင်္ကျီပွပွကြီးထဲသို့  ကျွန်မကိုယ်ခန္ဓာကလေး လှစ်ခနဲ ၀င်ရောက်ပျောက်ကွယ်သွားသောအခါ ကျွန်မ၏ အာရုံထဲသို့  အဝေးဆီမှ တကယ်မကြားနိုင်သော ဂီတတစ်ခု တဖြည်းဖြည်း ၀င်ရောက် လွှမ်းခြုံလိုက်တော့သည်။
ခြေလှမ်း လှမ်းဖို့ လည်း မေ့၊ စကားပြောဖို့ လည်း မေ့၊ အသက်ရှူဖို့ ပင် မေ့အောင် ကျွန်မကို စိုးမိုးလိုက်သည်က အာရုံထဲက သီချင်းသံစဉ်တစ်ခု ဖြစ်ခဲ့သည်။
“ မင်း ဘာတွေ တွေးနေတာလဲ ”
“ သီချင်းတစ်ပုဒ် ”
ကျွန်မ သီချင်းနှင့် ဂီတကို နှစ်သက်မှန်းလည်း ရှင်သိခဲ့ပါသည်။
“ ဘာသီချင်းလဲ ”
အဲသည်လို ရှင်မေးလိုက်တော့မှပဲ ကျွန်မ မဖြေတတ်သည့် အဖြေတစ်ခုကို စခဲ့မိပြီဟု နောက်ကျစွာ သိလိုက်ရတော့သည်။
ဘာသီချင်း ... ဟု ဖြေလိုက်တော့ရော ရှင်သိမှာတဲ့လား။ ကိုစောညိန်း ကို ရှင်မှ မသိနိုင်ဘဲ။ “ ချစ်နှင်းမှုန် ” ဆိုတာကို ရှင် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ရှင်များ နားလည်ခံစားနိုင်မည်ဆိုလျှင် အဲသည်သီချင်းကို ကျွန်မ ဆိုညည်းပြလိုက်ချင်ပါသည်။
ဘာသီချင်း ... ဟု ဖြေလိုက်တော့ရော ရှင်သိမှာတဲ့လား။ ကိုစောညိန်း ကို ရှင်မှ မသိနိုင်ဘဲ။ “ ချစ်နှင်းမှုန် ” ဆိုတာကို ရှင် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ရှင်များ နားလည်ခံစားနိုင်မည်ဆိုလျှင် အဲသည်သီချင်းကို ကျွန်မ ဆိုညည်းပြလိုက်ချင်ပါသည်။
ရွှေရင်အုံ လှိုင်းခုန်ကြွလို့ ရယ် ... နှင်းမှုန်ကြွေလေတိုင်းဝယ် ... သွယ် ... မျက်ရည်ဝိုင်းခဲ့ ညတိုင်းမယ် ... မောင့်မှာသာကွယ်၊ တစ်ရံရောအခါက ... မောင်နဲ့ မယ် ချစ်ကြိုးနှောင်ကာသွယ် ... ငွေဇာရုံ ... ခြုံလွှာပုံသို့ နှယ် ... ချစ်နှင်းမှုန် တဖွဲဖွဲကြဲကာ မစဲတော့တယ် ...
“ နှင်းတွေကျတဲ့ ညတိုင်း မျက်ရည်လည်ရတဲ့ လွမ်းတတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့  သီချင်းပေါ့ ”
သာသာစကားမကျွမ်းကျင်သောကြောင့် ကျွန်မ၏ အဖြေသည် သီချင်း၏ နက်နဲမှုနှင့် ဘာမှမယှဉ်သာအောင် ပေါ့ပျက်ခဲ့မည်ဆိုလျှင် ကိုစောညိန်း ရောက်ရာဘ၀မှ ခွင့်လွှတ်နိုင်ပါစေဟုသာ ဆုတောင်းရပါတော့မည်။
“ ဘာကြောင့် သူက လွမ်းရတာတဲ့လဲ ”
“ သြော်ကွယ် ... သိပ်ချစ်ခဲ့တဲ့ ချစ်သူနှစ်ဦး အပြီးအပိုင်ဝေးကွာသွားခဲ့ရတဲ့
အခါ တစ်ခါတစ်ခါ ကြုံကြိုက်တိုက်ဆိုင်မှုတွေ ရှိလာရင် ခံစားချက်ပြင်းထန်တဲ့ လူက လွမ်းရတတ်တာပဲ မဟုတ်လား ”
ကျွန်မအဖြေကြောင့် ရှင်ပခုံးတွန့် သွားခဲ့သည်ဆိုတော့ သူ့ ခံစားမှုကို ရှင် အသိအမှတ်မပြုချင်သည့်သဘောပေါ့နော်။ အဲသည်အတွေးကြောင့် ကျွန်မ၀မ်းနည်းသွားခဲ့မိပါသည်။
ဂျုး ( ဒီနေရာမှ ) ယူပါသည်... 
နှင်း ( ၂ ) 
ရှင့်ကို ကျွန်မ ချစ်သည်။ 
ပါးလှပ်ကာကျယ်ပြန့် သော နှုတ်ခမ်းမှ ရှင်ပြောလိုက်သော စကားတိုင်းကို ကျွန်မ ချစ်သည်။ အဲသည်နှုတ်ဖျားမှ အမှတ်တမဲ့ ရေရွတ်လိုက်သော အာမေဍိတ်သံ စကားလုံးကလေးများကို ပိုချစ်သည်။ ကြယ်ပွင့်ကလေးတွေလို စူးရှတောက်ပသော မျက်လုံးများကို ကျွန်မချစ်သည်။ အဲသည်မျက်လုံးအစုံဖြင့် ကျွန်မကို မကျေမနပ်စိုက်ကြည့်လိုက်သည့် အကြည့်လေးတွေကအစ ကျွန်မ ချစ်သည်။ ကြီးမားကျယ်ပြန့် သော နွေးထွေးခြောက်သွေ့ သည့် လက်ဖ၀ါးအစုံကို ကျွန်မ ချစ်သည်။ ရှည်လျားသွယ်ပျောင်းသော သို့ သော် ခိုင်မာမြဲမြံသော လက်ချောင်းတို့ ကို ကျွန်မ ချစ်သည်။ ထိုလက်ချောင်းများဖြင့် ခပ်သော့သော့ရေးလိုက်သော လက်ရေးကျဲကျဲတွေကို ကျွန်မချစ်သည်။ ခြေအိတ်ချွတ်ထားသော ဗလာခြေဖ၀ါးများဖြင့် မွေးပွကော်ဇောပေါ်သို့  နစ်ဝင်ကျန်တတ်သည့် ရှင့်ခြေဖ၀ါးရာလေးတွေကိုပင်လျှင် ကျွန်မ ချစ်ပါသည်။
ရှင် စိတ်မရှည်နိုင်စွာ ရေရွတ်သတိပေးလိုက်သော တစ် ... နှစ် .. သုံး ... ဂဏန်းစဉ်တွေကို ကျွန်မ ချစ်သည်။
ရှင်ဖျော်ပြီးသား ကော်ဖီကို သောက်ဖို့  ကျွန်မ အပြင်သို့  မထွက်လာသေးဘူးဆိုလျှင် ရှင့်နှုတ်ဖျားမှ တစ် နှစ် သုံး ရေရွတ်သံကို ကျွန်မ ကြားရတတ်သည်။
“ ကိုယ် တစ် နှစ် သုံး တစ်ဆယ်ထိ ရေပြီးလို့ မှ မင်း ကော်ဖီ မသောက်သေးဘူးဆိုရင် အဲဒီကော်ဖီခွက်ကို ကိုယ် သွန်ပစ်လိုက်တော့မှာနော်၊ တစ် ...  နှစ် ... သုံး ... လေး ... ”
ကျွန်မသည် စိတ်ကောက်တတ်သည့် ကလေးတစ်ယောက်မဟုတ်ခဲ့ပါ။ သို့ သော် စိတ်ကောက်တတ်သည့် ကလေးတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံခံရသောအခါ ပထမပိုင်းမှာ တော်တော် အောင့်သက်သက်ခံစားခဲ့ရ၏။ နောက်ပိုင်းမှာတော့ အဲဒီလို ဆက်ဆံခံရတာကို ကျေနပ်သလို ရှိလာသည်။ ထိုအခါ မကြာခဏပင် စိတ်ကောက်ချင်ယောင်ဆောင်မိခဲ့တော့သည်။ ရှင် တစ် နှစ် သုံး ရေရွတ်ပြီး ကျွန်မကို သတိပေး ခြိမ်းခြောက်ရသော အကြိမ်တိုင်းသည် ကျွန်မတကယ်စိတ်ကောက်နေခဲ့ခြင်း မဟုတ်ပါ။ ရှင့်နှုတ်ဖျားမှ တစ် နှစ် သုံး ရေရွတ်သံကို ကြားချင်စိတ်တို့ ဖြင့်လည်း ကျွန်မ စိတ်ကောက်ချင်ယောင်၊ သို့ မဟုတ် တစ်ခုခုပြုလုပ်ဖို့  မေ့လျော့ချင်ယောင် ဆောင်ခဲ့မိတတ်ပါသည်။
“ စာကြည့်စားပွဲပေါ်က စာအုပ်ပုံကြီးကို ရှင်းပစ်ပါလို့  ကိုယ်ပြောနေတာ ဘယ်နှကြိမ်ရှိပြီလဲ၊ အခုသွားရှင်းချည်တော့ ”
ရှင့်စကားသံကို မကြားသလို ရေဒီယိုကို သဲကြီးမဲကြီး နားထောင်ရင် တကယ်ပျင်းရိနေခဲ့တာလည်း ရှိဖူးပါသည်။ ထိုစဉ်က ရှင်သည် ကျွန်မ နားထောင်နေသော ရေဒီယိုလိုင်းအစား တခြား လိုင်းတစ်ခုသို့  ပြောင်းပစ်ခဲ့သည်။ အသံကိုလည်း တိုးသွားအောင် လျှော့ချပစ်ခဲ့သည်။
“ ကိုယ် တစ် နှစ် သုံး တစ်ဆယ်အထိ ရေပြီးလို့ မှ မင်း အလုပ် မစသေးဘူးဆိုရင် မင်းကို အင်္ကျီကော်လာကနေ ဆွဲယူပြီး အဲဒီစားပွဲပေါ် ပစ်တင်လိုက်မယ်နော်၊ တစ် ... နှစ် ... သုံး ”
ရှင့်ကို ဘယ်လောက်အထိ ချစ်မိသလဲဆိုလျှင် ကိုယ့်အာရုံနှင့်ကိုယ် တစ်နေရာမှာ အလုပ်ရှုပ်နေသော ရှင့်ကို တိတ်တဆိတ် ငေးမောကြည့်ရင်း မျက်ရည်ကျမိသည်အထိပင် ဖြစ်သည်။
ယောက်ျားတစ်ယောက်ကို ချစ်စိတ်သက်သက်ဖြင့် မိန်းမ တစ်ယောက်ဟာ မျက်ရည်ကျတတ်ပါသလား။ ချစ်သူချင်း သို့ မဟုတ် ဇနီးမောင်နှံချင်း ရန်ဖြစ်လို့ ၊ စိတ်ကောက်လို့ ၊ စေတနာကို စော်ကားခံရလို့ ၊ အထင်လွဲခံရလို့  စသည်ဖြင့် မိန်းမတွေ အကြောင်း အမျိုးမျိုးဖြင့် မျက်ရည်ကျတတ်ကြသည်ဟု ကျွန်မသိပါသည်။ ထိုမျက်ရည်များ ပူလောင်နေပါလိမ့်မည်။ သို့ သော် ယောက်ျားတစ်ယောက်ကို ချစ်မြတ်နိုးစိတ်သက်သက်ဖြင့် နှလုံးသားတွေ နာကျင်ထိခိုက်ကာ မျက်ရည်ကျရသည့်အဖြစ်တော့ ကျွန်မ တစ်ခါမျှ  မကြားဖူးခဲ့ပါ။ ကျွန်မသည် တစ်ယောက်တည်းသော ခြွင်းချက်ဖြစ်နေပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ချစ်မြတ်နိုးစိတ်ဖြင့် ကျရသည့် မျက်ရည်သည်လည်း ပူနွေးလှပါသည်။ ကျွန်မမျက်လုံး အစုံမှ တိတ်ဆိတ်စွာ လိမ့်ဆင်းလာခဲ့ဖူးသော ထိုမျက်ရည်တို့ ၏ ပူနွေးမှုကို မကြာခဏ ပြန်လည်သတိရစိတ်ဖြင့် ကျွန်မပါးပြင်မှာ မကြာခဏ နွေးထွေးလာခဲ့တတ်ပါသည်။
ကျွန်မ၏ မှတ်ဉာဏ်သည် ယောက်ျားတစ်ယောက်၏ မှတ်ဉာဏ်နှင့်တော့ တူချင်မှ တူမှာပါ။
ကျွန်မက ဖြစ်ပျက်ခဲ့ပြီးသော အတိတ်ကာလမှ ကြီးမားသော အဖြစ်အပျက် အကြောင်းအရာများကို မေ့လျော့ပစ်တတ်ပြီး သေးဖွဲသော ဘာမှမဟုတ်သည့် အဖြစ်အပျက်ကလေးများကို သတိရမှတ်မိနေတတ်ပါသည်။
ကျွန်မတို့ နှစ်ဦး တစ်ပတ်ကြာမျှ သွားရောက်လည်ပတ်ဖူးသော ထိုတက္ကသိုလ်မြို့ ကလေးကို ကျွန်မ မကြာခဏမြင်ယောင် ပုံဖော်ကြည့်မိသည့်အခါ ရှင် သတိရစေချင်သော ခမ်းနားကြီးကျယ်သည့် တက္ကသိုလ် စာကြည့်တိုက်ကြီးကို သဲကွဲစွာ မမြင်ယောင်မိပါ။ ရှင် ပြောပြခဲ့သော ထိုစာကြည့်တိုက်၏ နောက်ခံသမိုင်းအဖြစ်အပျက်ကို စဉ်းစားပုံဖော်ကြည့်တော့လည်း ရေးရေးသာ မှတ်မိခဲ့ပါသည်။ ကျွန်မ မှတ်မိသည်က စာကြည့်တိုက်ရှေ့ က လူသွားစင်္ကြံ အကျယ်ကြီး ဘေးမှာ ကျွန်မ မြင်ခဲ့ရသော ဖြူဖွေးသည့် နှင်းအပုံလိုက်ကြီးသာ ဖြစ်သည်။ ထို နှင်းအပုံလိုက်သည် ကျွန်မ၏ ဒူးအမြင့်လောက် ရှိပါသည်။ နှင်းတို့ သည် အပေါ်ပိုင်းနှင့် အလယ်ပိုင်းတွင် ၀ါဂွမ်းစိုင် အပုံကြီးကဲ့သို့  နူးညံ့ပွရောင်းကာ ဖြူဖွေးလျက် ရှိသော်လည်း ဘေးနားတစ်ဝိုက်မှာတော့ တက္ကသိုလ်မြေ၏ ဖုန်မှုန့်  မြေမှုန့် များ ရောထွေးကပ်ငြိလျက် ညိုညစ်ညစ်အရောင်ရှိနေသည်။ နှင်းတွေကို ညိုညစ်ညစ်အရောင်အဖြစ် တစ်ခါမှ မစဉ်းစားခဲ့ဖူးသော ကျွန်မအတွက် ဤမြင်ကွင်းသည် တက္ကသိုလ်စာကြည့်တိုက်ကြီးထက် ပို၍ထူးဆန်းနေခဲ့ပါသည်။
ဒါထက် ထူးဆန်းနေသည်က အဲသည် နှင်းအပုံကြီး၏ ပတ်လည်မှာ စိုက်ထားသော ခြံစည်းရိုးတိုင်သဖွယ် ကျဲပါးသော တိုင်မည်းမည်းများအနက် တိုင်တစ်ခု၏ ထိပ်ဖျားတွင် ငှက်ကလေးတစ်ကောင် နားနေခြင်းပင် ဖြစ်သည်။ ထိုငှက်ကလေးသည် အညိုရောင်လည်ရစ်နှင့် အမည်းရောင် အတောင်ပံများ ရှိပါသည်။ သူ့ အတောင်ပံများသည် နှင်းတို့ ဖြင့် စိုစွတ်လျက်ရှိသောကြောင့် တိုင်ထိပ်ဖျားကို ခြေကုပ်ယူလျက် အတောင်ပံကိုမကြာခဏ ဖြန့် ခါလျက်ရှိပါသည်။ အဲသည်မြို့ မှာ ကျွန်မ နေခဲ့သမျှ ရက်တွေအတွင်း အဲသည်ငှက်ကလေးတစ်ကောင်ကိုသာ ကျွန်မ တွေ့ ခဲ့ရသည်ဟု မှတ်မိသည်။ တခြားငှက်တွေ ဘယ်မှာသွား၍ ဆောင်းခိုနေကြပါလိမ့်။ သည်ငှက်ကလေးကရော ဘာဖြစ်လို့  တခြားငှက်တွေနှင့်အတူ ရောမနေပဲ တက္ကသိုလ်စာကြည့်တိုက်ရှေ့  သို့ လာ၍ နားနေခဲ့ပါလိမ့်။
ကျွန်မတို့  ငယ်ငယ်တုန်းက သွားရင်းလာရင်း လမ်းမှာ ငှက်ကလေးတွေကို တွေ့ လျှင် တစ်ကောင်တည်း တွေ့ ရတာလား၊ နှစ်ကောင်လား အပြေးအလွှား သတိထား၍ ရေတွက်လေ့ရှိကြပါသည်။ နှစ်ကောင်တွေ့ လျှင် လာဘ်ကောင်းသည်၊ သုံးကောင်တွေ့ လျှင် ပျော်ရွှင်စရာ ကြုံရမလိမ့်မည် ... စသည်ဖြင့် သူ့ အဓိပ္ပါယ်နှင့်သူ ဖော်ပြီး နိမိတ်ကောက်ယူလေ့ရှိကြသည်။ အကောင် အရေအတွက်နှင့် နိမိတ် အကြောင်းအရာကို ကျွန်မ ကောင်းကောင်းမမှတ်မိပါ။ သေချာသည်ကတော့ တစ်ကောင်တည်း တွေ့ ရခြင်းသည် မကောင်းသော နိမိတ် ဖြစ်သည်။ တစ်ကောင်တည်း တွေ့ ရခြင်း၏ အဓိပ္ပါယ်မှာ အထီးကျန်ဖြစ်ရတတ်ခြင်း၊ ကံဆိုးရတတ်ခြင်း၊ ၀မ်းနည်းရတတ်ခြင်း ... တဲ့။
အဲသည် အယူအဆ၊ အဓိပ္ပါယ်တွေကို ကောက်ယူပုံဖော်တမ်း ကစားသည့်အရွယ်မှ နှစ်ပေါင်းများစွာ ကျော်လွန်ခဲ့ပြီး ဖြစ်ပါလျက် ထိုတစ်ကောင်တည်းသော ငှက်ကလေး၏ မြင်ကွင်းကို ကျွန်မ မကြာခဏ မြင်ယောင်လာလေ့ရှိပါသည်။ ဒါက ကျွန်မ၏ အားနည်းချက် တစ်ခုပဲလား မသိပါ။
ထိုတက္ကသိုလ် မြို့ ကလေးတွင် ရှင် သတိရမှတ်မိနေမည့် အဆောက်အအုံအကြောင်းအရာများကတော့ ကျွန်မမှတ်မိသော အရာတို့ နှင့် တော်တော်ကြီး ကွာခြားလိမ့်မည်။ ကျွန်မသိပါသည်။
ထို ကမ္ဘာကျော်တက္ကသိုလ်၏ သူများနှင့်မတူ ထူးခြားစွာ ဘ၀င်မြင့်သော စည်းကမ်းချက်ကြီးများကို  ရှင်သတိရလိမ့်မည်။ ကြီးမားခမ်းနားသော စက်မှုတက္ကသိုလ်ကြီးသည် ရှင်ငယ်စဉ်က တက်ရောက်ဖို့  စိတ်ကူးယဉ်ခဲ့ဖူးသည့်အတိုင်း တစ်ပုံစံတည်း ကြီးကျယ်နေခံပါလားဟု ရှင် တအံ့တသြမြင်တွေ့ ခဲ့ရခြင်းကို သတိရနေလိမ့်မည်။ ထို စက်မှုတက္ကသိုလ် စာသင်ခန်းများ၏ စင်္ကြံတွင် ကျွန်မတို့  လမ်းလျှောက်ခဲ့ကြသည်ကို ရှင်ခဏတာသတိရမည်ဖြစ်သော်လည်း ချက်ချင်းပင် ရှင်သည် နံရံကပ်ကြော်ငြာဘုတ်ပြားပေါ်မှ သင်္ချာပု စ္ဆာတစ်ပုဒ်၏ ဖြေရှင်းချက် စာရွက်ကို ကူးပြောင်းသတိရလိမ့်မည်။
ကြီးကျယ်ခမ်းနားသော ပြတိုက်ကြီးကို ပြန်လည်စဉ်းစားပုံဖော်လျှင်တော့ ရှင်သည် ပြတိုက်သို့ အ၀င်မှာ တွေ့ ရသော ကမ္ဘာကျော် ပန်းပုဆရာကြီး၏ လူတစ်ရပ်မြင့်သည့် ပန်းပုလက်ရာကြီးကို စူးစူးစိုက်စိုက် ငေးမောကြည့်ခဲ့မိသည့် အဖြစ်ကို သတိရနေပါလိမ့်မည်။ ကျွန်မ သတိရနေသော ပြတိုက်အ၀င် အဖြစ်အပျက်ကလေးကို ရှင် သတိရမှာမဟုတ်ပါ။ ကျွန်မအတွက်တော့ အဲသည်ပြတိုက်အ၀င်မှာ အမှတ်တရ အဖြစ်အပျက်နှစ်ခု ထူးထူးခြားခြား ရှိခဲ့၏။ တစ်ခုက ရှင်သည် ကျောင်းသားကတ်ကို ကိုင်ဆောင်ထားသူ ဖြစ်သဖြင့် ပြတိုက်ဝင်ကြေးကို တစ်ဝက်ခသာ ပေးရပြီး ကျွန်မက ၀င်ကြေး အပြည့်ပေးရသည့်အဖြစ်၊ နောက်တစ်ခုက ၀င်ကြေးကောက်ခံသူ အမျိုးအသမီး မေးလိုက်သော ကျွန်မ၏ နေရပ်လိပ်စာ၊ ပြည်နယ်ကုတ်နံပါတ် ဂဏန်းများကို ကျွန်မကိုယ်စား ( ကျွန်မက ထို အမျိုးသမီး၏ စကားသံဝဲ၀ဲကို နားမလည်နိုင်ခဲ့သဖြင့် ) ရှင်က ရွတ်ပြ ဖြေဆိုပေးခဲ့ရသည့် အဖြစ်။ ကဲ ... အဲသည် ကျွန်မ သတိရနေသည့် အကြောင်းအရာသည် ဘယ်လောက်သေးနုပ်ပါသလဲ။။ ရှင် သတိရစွာ ပြန်လည်ပုံဖော်မှန်းဆမည့် ပန်းချီကားတွေ၊ ရုပ်တုတွေ၊ ဆေးစိမ်မမ်မီ ရုပ်အလောင်းတွေနှင့် ကျွန်မ သတိရနေသည့် ခပ်ကြောင်ကြောင် အဖြစ်အပျက် အကြောင်းအရာမှာ ဘယ်လောက်တောင် ကွာခြားလိုက်မလဲ ... နော်။ ဒါကတော့ ပညာဆက်လက်သင်ယူနေဆဲ ပညာရှင် အမျိုးသားတစ်ယောက်နှင့် ခပ်တုံးတုံး ခပ်အအ မိန်းမ တစ်ယောက် အတူပေါင်းဖက်မိလျှင် ဖြစ်ပေါ်လေ့ရှိသည့် သမားရိုးကျ ကွားခြားမှုတစ်ခု ဖြစ်ပါလိမ့်မည်။
*
နှင်းနှင့် ပတ်သက်လျှင် ရှင်က အနိဌာရုံတွေကိုသာ အများကြီး မြင်ယောင်ခဲ့သူဖြစ်သည်။ ရှင် ပြောပြသော နှင်းတောင်ပြိုကွဲခြင်း၊ နှင်းမုန်တိုင်းထဲမှာ ကားတွေ လမ်းပျောက်ကာ တိုးတိုက်မိခြင်း၊ ရေခဲပြင် လမ်းပေါ်မှာ ကားဘီးတွေ ချော်ကာ ဟိုးတောင်စောင်းအောက်ခြေသို့  ကားမှောက်ကျခြင်း စသည်တို့ ကို ကျွန်မ ထိတ်လန့် စွာပင် လက်ခံရပါသည်။
သို့ သော် နှင်း၏ ချစ်စရာကောင်းသောသဏ္ဍာန်နှင့် နူးညံ့အေးစက်သော ထိတွေ့ မှုကို ကျွန်မရင်ခုန်မိဆဲ ဖြစ်သည့်အတွက်တော့ ရှင် ခွင့်ပြုစေချင်သည်။
Into Thin Air, by Jon Krakauer, is about a trip to Mount Everest that a journalist took. It turned out to be the deadliest season in Mount Everest history. In one big storm, nine people were killed, and three more people were killed before the month was over.
၁၉၉၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့ တုန်းက နှင်းကြောင့် ဖြစ်ပျက်ခဲ့ရသော ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဧ၀ရက် တောင်ထိပ်မှာ ဖြစ်ခဲ့သည်။ ရှင် လောလောလတ်လတ် ဖတ်ပြီးသွားသော ဂျွန်ခရာကိုဝါး Jon KrakauerInto Thin Air အတ္ထုပ္ပတ္တိမှန်စာအုပ်ကို ကျွန်မကို ပေးဖတ်လျက် ဧ၀ရက်တောင်ထိပ်မှာ နှင်းမုန်တိုင်းထဲ၌ အသက်ပျောက်သွားကြသော တောင်တက်သမားများအကြောင်း ကျွန်မကို ရှင် အသေးစိတ်ပြောပြခဲ့တာ ကျေးဇူးတင်ရပါသည်။ ဒါပေမဲ့ နှင်းကြောင့် သူတို့ အားလုံး သေရသည်ဟုတော့ ကျွန်မ လက်မခံခဲ့ပါ။ မေလ ၁၀ ရက် ညနေပိုင်းမှာ ပြိုဆင်းကျလာသော နှင်းမုန်တိုင်းသည် တောင်တက်သမားများကို အသက်သေသည်အထိ ဒုက္ခပေးခဲ့တာ ကျွန်မ လက်ခံပါသည်။ သို့ သော် တချို့ လူတွေက အောက်စီဂျင် ပြတ်လပ်မှုကြောင့် အဓိက ဖြစ်ရသည်ဟု ရှင့်ကို ကျွန်မ ဆင်ခြေတက်မိသည်။ ပင်လယ်ရေပြင်မျက်နှာပြင်အထက် ပေပေါင်း ၂၉,၀၂၈ ပေမှာရှိသော လေထုသည် ဘယ်လောက်များ အောက်ဆီဂျင်ဓာတ် နည်းနေပြီလဲ၊ မတွေးရဲစရာပဲဖြစ်သည်။
ဤကဲ့သို့  သေမင်းတမန် ဧ၀ရက်တောင်ကိုမှ ခြေချချင်သော တောင်တက်သမားများသည် နှင်းမုန်တိုင်းနှင့် တွေ့ သည့်အခါ ဘာဖြစ်လို့  အောက်ဘက်သို့  ပြန်မဆင်းသလဲ၊ တောင်တက်ခေါင်းဆောင်က ကန့် သတ်ထားသော နာရီအပိုင်းအခြားတွင် ရောက်ရာနေရာမှ လှည့်ပြန်ခဲ့ပါတော့လား။ ဘာဖြစ်လို့  ဧ၀ရက်တောင်ထိပ်ကို ဆက်လက်တက်နေပါသလဲ။ ကမ္ဘာကြီး၏ အမြင့်ဆုံးအပိုင်း ( သို့ မဟုတ် ) ခေါင်မိုးထပ်စွန်း၊ အဲဒါကရော ဘာများ ထူးခြားနိုင်မှာမို့ လဲ။ တကယ်တော့ သူတို့ ကို သတ်ခဲ့တာ နှင်းမုန်တိုင်း မဟုတ်ပါဘူး၊ အတ္တနဲ့ လောဘက သတ်ခဲ့တာ။
အဲသည်လို  ကျွန်မ ရှင့်ကို နိုင်အောင် ပြောရင်း စိတ်ထဲကတော့ မေလ ၁၀ ရက်နေ့ မှာ စွန့် စားရင် အသက်ပေးသွားကြသော Rob Hall, Scott Fischer နှင့်တကွ တောင်တက်သများအား အံ့သြဂုဏ်ယူစိတ်ဖြင့် အထပ်ထပါအခါခါ ဦးညွှတ်လျက်ရှိခဲ့ပါသည်။
Rob Hall, Scott Fisher, Anatoli Boukreev, Jon Krakauer
ရှင်ကတော့ ကျွန်မစိတ်ကို ထွင်းဖောက်မမြင်နိုင်သူမို့  ကျွန်မစကားကိုပဲ တအံ့တသြ တုန်လှုပ်စွာ နားထောင်နေခဲ့သည်။ တော်တော်ကြီးကြာမှ “ မင်းဟာ တော်တော်အဆိုးမြင်တတ်တဲ့ မိန်းမပါလား ” ဟု တိုးတိတ်စွာ ရေရွတ်ခဲ့သည်။
“ ဟင့်အင်း ... ကျွန်မက အကောင်းမြင်တာပါ၊ နှင်းဆိုတာက သူ့ ကို သွားမပတ်သက်ရင် အလွန်ချစ်စရာကောင်းတာ”
“ မဟုတ်ဘူး၊ မင်း စကားကို ကတ်မပြောနဲ့ လေ၊ နှင်း ဆိုတာ အမြင်အားဖြင့် စိတ်ကူးယဉ်စရာ လှပသလိုရှိပေမယ့် တကယ့် လက်တွေ့ မှာတော့ နည်းအမျိုးမျိုးနဲ့  လူသတ်နေတဲ့ လူသတ်သမားပဲ ”
ထို့ နောက် ကျွန်မတို့ နှစ်ယောက်လုံး ကိုယ့်ဒေါသအတွက် ကိုယ် ရှက်ကာ ပြုံးရယ်မိခဲ့ကြသည်။
တကယ်တော့ နှင်းကြောင့် ကျွန်မတို့ လည်း ဘာမှမဖြစ်ခဲ့။ ကျွန်မတို့  ပတ်ဝန်းကျင်လည်း ဘာမှမဖြစ်ခဲ့။ နှင်းသည် ကျွန်မတို့ အတွက် အမြဲတမ်း စိတ်ကူးယဉ်စရာအသွင်သဏ္ဌာန်ချည်းပဲ တည်ရှိခဲ့သည်။ နှင်းကြောင့် ကျွန်မတို့  စကားများခဲ့ကြသည်ဆိုလျှင် အဲဒါက မိနစ်ပိုင်းလောက်သာ ဖြစ်သည်။ ထို့ နောက် ကျွန်မတို့ သည် နှင်း မပါဝင်သော အခြားအကြောင်းအရာများထဲတွင် စိတ်အာရုံ နစ်ဝင်သွားတတ်မြဲ ဖြစ်သည်။
တစ်ခုပဲ ကျွန်မ နောင်တ ရမိပါသည်။
အဲသည် နှင်းတွေနှင့် အတူပဲ ဖြစ်ဖြစ်၊ ရေခဲနေသော မြစ်ပြင်၏ ရေခဲလွှာနှင့်အတူပဲဖြစ်ဖြစ်၊ ရှေးဆန်ဆန် ခံညားစွာ ဣနြေ္ဒရသော အဆောက်အုံတွေနှင့်အတူပဲဖြစ်ဖြစ် ကျွန်မတို့ နှစ်ယောက်အမှတ်တရ ဓာတ်ပုံတစ်ခုခု ရိုက်ခဲ့မိဖို့ ကောင်းသည်။ သည်သို့ သာဆိုလျှင် ရှင် အံ့သြချီးကျူးခဲ့ဖူးသည့် မြင်ကွင်းများကို ကျွန်မ အာရုံမှာ အတိအကျ ပြန်လည်ပုံဖော်နိုင်ခဲ့ပါလိမ့်မည်။
ယခုတော့ ကျွန်မသည် ရှင်နှင့်အတူသွားခဲ့သော ထိုတက္ကသိုလ်မြို့ ကလေးအကြောင်း စဉ်းစားလိုက်လျှင် ကျွန်မအာရုံထဲမှာ ရှင့်လှုပ်ရှားမှုများ၊ ရှင့်စကားသံများ၊ ရှင့်ဒေါသငွေ့ ငွေ့ ဖြင့် အပြုံးများ စသည်တို့ နှင့်အတူ ပတ်ဝန်းကျင်က ဖြူဖွေးသော နှင်းများကိုသာ မြင်ယောင်တမ်းတမိတော့သည်။
နှစ်အချို့  ကြာမြင့်ခဲ့ပြီးသည့်နောက် အဲသည်မြို့ သို့  နောက်တစ်ကြိမ် ရှင်ပြန်သွားခဲ့သေးသလား။ သွားခဲ့သေးသည်ဆိုလျှင် ကျွန်မနှင့်အတူ သွားတုန်းကလို ဆောင်းရာသီမှာ သွားခဲ့တာလား၊ နွေဦးပေါက် ရာသီမှာ သွားခဲ့တာလား။ ဆောင်းရာသီမှာ သွားခဲ့သည် ဆိုလျှင် ရေခဲနေသော မြစ်၏ မြစ်ကူးတံတားပေါ် ရှင် ခြေချမိခဲ့သေးသလား။ အဲသည်ပေါ်မှာ ရှင်လမ်းလျှောက်ဖြစ်ခဲ့သည်ဆိုလျှင် ရေခဲမြစ်ပြင်အပေါ်လွှာပေါ်မှာ လမ်းလျှောက်ကြည့်ချင်သည်ဆိုသော ခပ်ကြောင်ကြောင် ကောင်မလေးတစ်ယောက်အကြောင်း ရှင် သတိရ သွားခဲ့သေးသလား။
အဲသည်မြို့ ကို ထပ်သွားဖြစ်သည်ဖြစ်စေ၊ အခြား အလားတူ မြောက်ပိုင်းမြို့ များသို့  သွားဖြစ်သည်ဖြစ်စေ ဆောင်းရာသီမှာတော့ နှင်းတွေ ... နှင်းတွေ ... ကြည့်လေရာမှာ နှင်းတွေကို ရှင် မကြာခဏ သတိထားမိမှာပေါ့နော်။
တစ်ခါတစ်လေမှာ နှင်းတွေကိုကြည့်ရင်း ရှင် မျက်ရည်ဝဲဖူးခဲ့ပြီလား။ ကျွန်မ သိချင်လှပါသည်။
  ဂျူး
                                                      [ကလျာမဂ္ဂဇင်း၊ အမှတ် ၁၇၉၊ ၂၀၀၀ ဇန်န၀ါရီ]
Typing Credit to Ma Htar Ei Khaing.
Thanks for sharing this short story to nario.cnt@gmail.com
ဂျုး ( ဒီနေရာမှ ) ယူပါသည်..
No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....
Template by:
Free Blog Templates