Thursday, 19 January 2012

အချစ်ဆိုတဲ့အရာကို ညီမလေး ယုံပါသလား ။ ဒီနေရာ မှာ ကိုယ့်ယူဆချက်ကတော့ အချစ်နဲ့ မေတ္တာဟာ လုံးဝကို ကွဲပြားခြားနားတယ်လို့ ယူဆ လက်ခံထားပါတယ် ။ ညီမလေး နားလည်အောင် အလွယ်ဆုံးပြောပြရရင်တော့ အချစ်ဆိုတာ လိုချင်တပ်မက်တဲ့ စိတ်တစ်ခုတော့ ကိန်းဝပ်နေတတ်တယ် ။ ပူပြင်းစူးရှတောက်လောင်တယ် ။ အဲဒီအချစ်မှာပဲ ပေးဆပ်တာရှိတယ် ။ ရယူတာရှိတယ် ။ ရက်စက်တာရှိတယ် ။ တိုက်ခိုက်တာရှိတယ် ။ လိမ်ညာတာလည်း ရှိတယ် ညီမလေး ။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူဆီက ကိုယ်ချစ်သလောက် ပြန်လည်ရယူလိုတာကတော့ လူသားတိုင်းရဲ့ အတ္တတစ်ခုတော့ ညီမ လေး ။

မေတ္တာဆိုတာ ကတော့ အချစ်နဲ့ ဆင်တူတာမှန်ပေမယ့် အနှစ်သာရကတော့ လုံးဝမတူ ကွဲပြား ပါတယ် ။ မေတ္တာက အေးမြတယ် ..လမင်းရဲ့ အလင်းရောင်လိုပေါ့ ညီမလေး.... ။ မေတ္တာ စစ်စစ်မှာ ရယူလို တာမရှိဘူး ။ ပိုင်ဆိုင်လိုတာမရှိဘူး တိုက်ခိုက်လိုစိတ်မရှိဘူး ။ မလိမ်ညာတတ်ဘူး ။ ကိုယ်မေတ္တာထားတဲ့ လူတစ် ယောက်ရဲ့ ကောင်းကျိုးကိုသာ အစဉ်ရှေးရှုပြီး သူ့အတွက်ကို အချိန်တိုင်း ပေးဆပ်ဖြည့်ဆည်းပေးတာ မေတ္တာ ပေါ့ကွယ် ။

ညီမလေးလည်း ကိုယ်တကယ် ချစ်တဲ့သူကို တွေ့ပြီဆိုရင် သာမန်ပူလောင်တဲ့ အချစ်နဲ့ မချစ်ပဲနဲ့ အေးမြတဲ့ မေတ္တာ စစ်စစ်သာ ပေးနိုင်အောင်ကြိုးစားပါ ။ ကိုယ်ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ပြောပြမယ် ။ တစ်ခါတုန်းက သဲသောင် ပြင်တစ်ခုမှာ မုန်တိုင်း ဒါဏ်ကြောင့် ကြယ်ငါးတွေလာပြီး သိန်းနဲ့ချီပြီး သောင်တင်နေသတဲ့ ။ အဲဒီ အချိန်မှာ မိန်းမပျိုလေး တစ်ဦးဟာ သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ကောက်ယူလိုက် ပင်လယ် ရေထဲကို လွှင့်ပစ်လိုက် လုပ်နေပါတယ် ။ မကြာခင် လူတစ်ယောက်ရောက်လာပြီး သူမရဲ့ လုပ်ရပ်ကို ကြည့်ပြီး ခေါင်းခါရင်းပြောပါတယ် ။

" ဒီမယ် မိန်းကလေး ဒီကြယ်ငါးတွေဟာ ဒီသောင်ပြင်ပေါ်မှာ လာတင်နေတာ သိန်းနဲ့ချီပြီးလာတင်နေတာကွဲ့ မင်းဒီလို တစ်ကောင်နှစ်ကောင်လောက် ရေထဲ ပစ်ချယုံနဲ့ ဘာထူးမှာလဲကွယ် ဒီအတိုင်းနေလဲ သူတို့တွေ မကြာ ခင် အကုန်သေကြရတော့မှာပဲ "

အဲဒီအခါ မိန်းမပျိုလေးက အဲဒီလူကို ကြည်လင်စွာ ပြုံးပြရင်း

" ရှင်ပြောတာမှန်ပါတယ် ဒီအတိုင်းပဲ ကြယ်ငါးတွေ အကုန်သေကြရမှာပါ ဒါပေမယ့် ကျွန်မရေထဲကို လွှတ်လိုက် တဲ့ ကြယ်ငါးတစ်ကောင်ကတော့ အနည်းဆုံး အသက်ရှင်ခွင့်ရသွားမယ်လေ "

လို့ပြောပြီး သဲသောင်ပြင်တလျောက် ကြယ်ငါးတွေကို ရေထဲပစ်ချရင်း ထွက်ခွာသွားသတဲ့ ။

ဟုတ်ပါတယ် ညီမလေးရေ... ။ တခါတလေ ကိုယ့်ရဲ့ လုပ်ရပ်လေးတစ်ခုဟာ အနည်းဆုံး တစ်စုံတစ်ခုကို အကျိုး ရှိစေတဲ့ လုပ်ရပ်လေးဖြစ်အောင် ကြိုးစားရလိမ့်မယ် ။ ဒီလောက်ဆို ညီမလေး... ဘ၀မှာ ဘယ်လို အသက် ရှင်နေ ထိုင်ရမယ်ဆိုတဲ့ နည်းလမ်းကို အရိပ်လေးဖြစ်ဖြစ် မြင်လောက်ရောပေါ့ ။ ကောင်းကောင်း... အိပ်စက်ပါ ညီမလေး ရေ... ။ နေ့သစ်တွေအတွက် ဘ၀မှာ အဓိပ္ပါယ်ရှိရှိ ရှင်သန်နေထိုင်ဖို့ တို့တွေ ခွန်အားတွေ ပြည့်ဝနေဖို့ လိုတယ် ။

သက်တန့်ချို
 

No comments:

Post a Comment

လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....

Template by:
Free Blog Templates