မာယာလို့
ကိုယ်ထင်တဲ့အရာတချို့ အတွက်ရော…
ဒဏ်ရာရခမန်း
အခါခါနာကျင်ရတာတွေ အတွက်ပါ
မင်းကို..
အပြစ်လည်း
မတင်ချင်တော့ပါဘူး…
မင်းလျှောက်တဲ့
လမ်းတလျှောက်မှာ
ကိုယ်က..
အလောတကြီး
ခပ်ခပ်သောက်တဲ့
ခပ်နောက်နောက်
ရေတခွက်လည်း ဖြစ်နေနိုင်တာပဲ…
ပြီးတော့
….
ကောင်မလေးတွေ
အများကြီးကို
ပါးစပ်ဖျားလေးနဲ့တင်
ထိန်းထားတာလို့လည်း
ခပ်ကြွားကြွား
ပြောတတ်သေးတယ်
ဘယ်လိုမုန်းမှန်း
မသိပါဘူးကွယ်..
ချစ်မိတာလေး
တစ်ခုထဲအတွက်
အတုမဟုတ်တဲ့
( လှောင် ) ပြုံးတစ်ခုရဲ့ နောက်
ဟိုးရင်ဘတ်အောက်ဆုံးထဲကပါ
ကိုယ့်ရဲ့မိန်းမသိက္ခာကို
ထပ်ပြီး လှောင်ပြုံး ပြုံးမပြလိုက်စမ်းပါနဲ့…
တကယ်တော့
မင်းတို့နဲ့ သဘာဝချင်း ကွဲပြားခြားနားတဲ့
လူသားနောက်တမျိုးရဲ့
ရင်ဘတ်ထဲမှာ…
မင်း မသိတာတွေ
မကြားဖူးတာတွေ
မ..ခံ..စား..ဖူးတာတွေ
အများကြီးမှ
အများကြီးကွယ့်….
ပြီးတော့လည်း…
ချစ်တာကတခြား..
မုန်းတာကတခြား…
ကိုယ်တို့
နှလုံးသားက
နှစ်မျိုးနှစ်စားလုံးကိုလည်း
တပြိုင်ထဲ
သိမ်းထားနိုင်သေးတယ်…
ဟယ်..ကြည့်…
နားမလည်ပြန်ဘူး
မဟုတ်လား…
ကဲကဲ
ကိုယ်လည်း
နားလည်ဖို့ မကြိုးစားဘူး
မင်းလည်း
နားလည်ဖို့ကြိုးစားပြီး
အချစ်က ခါးတယ်ခါးတယ်လို့
ခပ်လွယ်လွယ်
( ညာ ) မပြောနဲ့…
နားမလည်တာတွေများတဲ့
မင်းနဲ့ကိုယ်ကြားမှာ
မြင်ကွင်းဆုံမှတ်တခုကို
ရှာမယ့်အစား…
ကိုယ်တို့တတွေ
တော်တော်လေးခြားနားကြတယ်လို့ပဲ
ခေါင်းထဲမှာ
စွဲပြီးမှတ်ထား ကြရအောင်လား….
အနည်းဆုံးတော့
မင်းရောကိုယ်ပါ…
ခဏ..
အေးချမ်းသွားလိမ့်မယ်
ရွှေပြည်သူ
( နေ့လည်
၁း၃၃ နာရီ ~ ၀၃.၀၄.၀၉ )















No comments:
Post a Comment
လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများ အားလုံးကိုကျေးဇူးတင်ပါတယ်....